ကမ္ဘာတစ်ဝန်း ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသတွေမှာ ၂၀၂၄ ခုနှစ်တုန်းက လိင်အကြမ်းဖက်မှုတွေ ၂၅ ရာခိုင် နှုန်းတိုးလာခဲ့ပြီး မှုခင်းအများဆုံးဖြစ်ပွားတဲ့နေရာတွေကတော့ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ကွန်ဂို၊ ဟေတီ၊ ဆိုမားလီးယားနဲ့ တောင်ဆူဒန်တို့ဖြစ်တယ်လို့ ဩဂုတ် ၁၄ ရက်က ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်တစ်ခုကို ကိုးကားပြီး AP သတင်းမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်ရဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ၂၀၂၄ ခုနှစ်အတွင်း လိင်အကြမ်းဖက်မှုခံခဲ့ရသူပေါင်း ၄၆၀၀ ယောက်ရှိခဲ့ပါတယ်။ အများစုကို လက်နက်ကိုင်အဖွဲ့တွေက ကျူးလွန်ခဲ့တာဖြစ်ပြီး အစိုးရတပ်ဖွဲ့ဝင်တချို့လည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။ ကုလက ထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်းဟာ ကမ္ဘာတစ်ဝန်းမှာ အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ ပြစ်မှုတွေကို အတိအကျ ကိုယ်စားမပြုနိုင်ဘူးလို့လည်း အလေးပေး ဖော်ပြခဲ့ပါတယ်။အဲဒီအစီရင်ခံစာရဲ့ အမည်ပျက်စာရင်းထဲမှာ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့အပါအဝင် အစိုးရနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း ၆၃ ဖွဲ့ကို ဖော်ပြထားပြီး သူတို့ဟာ မုဒိမ်းမှုနဲ့ တခြားသော လိင်အကြမ်းဖက်မှု တွေကို ကျူးလွန်ခဲ့ကြောင်း သံသယရှိတယ်လို့ ဆိုပါတယ်။

အမည်ပျက်စာရင်းဝင် အဖွဲ့အစည်းတွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ဒီစာရင်းထဲရောက်နေတာ ၅ နှစ်နဲ့အထက် ရှိပြီဖြစ်ပေမယ့် လိင်အကြမ်းဖက်မှုတွေကို ကာကွယ်တားဆီးဖို့ အရေးယူဆောင်ရွက်တာတွေ မရှိခဲ့ဘူးလို့လည်း ကုလရဲ့အကြီးအကဲက ပြောကြားခဲ့ ပါတယ်။ ဒါ့အပြင် အစီရင်ခံစာထဲမှာ ပဋိပက္ခဆိုင်ရာ လိင်အကြမ်းဖက်တွေဖြစ်တဲ့ မုဒိမ်းမှု၊ လိင်ကျွန်ပြုမှုနဲ့ ပြည့်တန်ဆာအဖြစ် အတင်းအကျပ်စေခိုင်းမှု၊ အတင်းအကျပ် ကိုယ်ဝန်ဆောင်ခိုင်းမှု၊ ကိုယ်ဝန်ဖျက်ချ စေမှု၊ သားကြောဖြတ်ခိုင်းစေမှု၊ အတင်းအကျပ် အိမ်ထောင်ပြုစေမှုနဲ့ တခြားသော လိင်အကြမ်းဖက်မှု တွေအကြောင်းကိုလည်း ဖော်ပြထားပါတယ်။




