ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ဆယ်စုနှစ်လေးစုကြာ လုပ်ဆောင်လာတဲ့ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ကို လာမယ့် ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ အဆုံးသတ်မယ့် ဆုံးဖြတ်ချက်တစ်ရပ်ကို ဩဂုတ် ၂၈ ရက် ကြာသပတေးနေ့က မဲခွဲဆုံးဖြတ်ဖို့ စီစဉ်ခဲ့တယ်လို့ AP သတင်းမှာ ဖော်ပြပါရှိပါတယ်။

UNIFIL တပ်ဖွဲ့ကို တစ်နှစ်အတွင်းဆုံးသတ်ဖို့ တောင်းဆိုခဲ့တဲ့ အမေရိကန်က ၁၆ လအတွင်း အဆုံးသတ်ဖို့ ပြင်သစ်က တင်သွင်းထားတဲ့ အစီရင်ခံစာ မူကြမ်းအပေါ် ဆန့်ကျင်တာ မပြုဘူးလို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ သံတမန်နှစ်ယောက်က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ ပြောကြားခဲ့ပါတယ်။အဲဒီအခြေအနေဟာ အစီရင်ခံစာကို အတည်ပြုဖို့ အလားအလာရှိပေမဲ့ အမေရိကန်အနေနဲ့ ထောက်ခံမဲပေးမလား မဲမပေးဘဲ နေမလားဆိုတာတော့ မသေချာသေးဘူးလို့ ဆိုပါတယ်။

အဲဒီအစီရင်ခံစာအရ UNIFIL ရဲ့တာဝန်ကို ၂၀၂၆ ခုနှစ်အကုန်မှာ အဆုံးသတ်ပြီး လုပ်ငန်းဆောင်ရွက်မှုတွေကို ရပ်နားမှာဖြစ်ကာ စစ်သားနဲ့ပြည်သူ ၁၀၈၀၀ နဲ့ ပစ္စည်းကိရိယာတွေကို လက်ဘနွန်အစိုးရနဲ့ တိုင်ပင်ဆွေးနွေးပြီး တစ်နှစ်အတွင်း ဆုတ်ခွာမှာ ဖြစ်ပါတယ်။ပြင်သစ်နဲ့အီတလီနိုင်ငံတွေကတော့ UNIFIL ကို လျင်မြန်စွာ အဆုံးသတ်မှာကို ဆန့်ကျင်ခဲ့ကြပြီး လက်ဘနွန် တပ်မတော်က နယ်စပ်ဒေသကို အပြည့်အဝ လုံခြုံရေး မပေးနိုင်ခင် အဲဒီငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင်ကို အဆုံးသတ်လိုက်တာဟာ ဟစ်ဇ်ဘိုလာအဖွဲ့တွေ အလွယ်တကူ အကျိုးခံစားခွင့် ရသွားစေနိုင်တယ်လို့ ပြောဆိုခဲ့ ပါတယ်။




