မြန်မာ-တရုတ် ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအသင်း (Myanmar-China Trade and Investment Promotion Association-MCTIP) မိတ်ဆက် တွေ့ဆုံပွဲကို အောက်တိုဘာ ၂၂ ရက်၊ ညနေပိုင်းက ရန်ကုန်မြို့၊ တာမွေ မြို့နယ်မှာရှိတဲ့ Sky Star ဟိုတယ်မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ၊ MCTIP အသင်း ဖြစ်မြောက်ရေး အဖွဲ့၀င် ဦးအေး၀င်း နဲ့ MCTIP အသင်း ဖြစ်မြောက်ရေး အဖွဲ့၀င် ဦးကျော်၀င်းတို့က MCTIP အသင်းနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောကြား ခဲ့ပါတယ်။

MCTIP အသင်းအနေနဲ့ တရုတ် နဲ့ မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ပြီးတော့ ရင်းနှီးတဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ နဲ့ ပြည်သူ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေအထိ အကောင်းဆုံး ဆောင်ရွက်နိုင်မယ် လို့ ယုံကြည်တယ်လို့လည်း အသင်း ဖြစ်မြောက်ရေး အဖွဲ့၀င် ဦးအေး၀င်းက ပြောပါတယ်။

အဲဒီနောက် MCTIP အသင်း ဖြစ်မြောက်ရေး အဖွဲ့၀င်ဖြစ်တဲ့ တရုတ်ကုမ္ပဏီတွေရဲ့ ကိုယ်စားလှယ် Power China Resource Myanmar Company မှ မစ္စတာ ကျန်းရှင်းချိန်က နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အခမ်းအနား တက်ရောက်လာကြတဲ့ MCTIP အသင်း၀င် နဲ့ ဧည့်သည်တော်တွေက အသင်းနဲ့ပတ်သက်ပြီး သိရှိ လိုတာတွေကိုမေးမြန်းတာ နဲ့ အကြံပြု ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ တက်ရောက်လာသူတွေကို ညစာ နဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။

ဒီနောက်မှာတော့ မြန်မာ-တရုတ် ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အသင်း (MCTIP) နဲ့ အခြားအသင်း အဖွဲ့တွေက နားလည်မှု စာချွန်လွှာတွေကို တာ၀န်ရှိသူတွေက လက်မှတ် ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။

MCTIP အသင်းကို မြန်မာ နဲ့ တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးလုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေဖို့၊ နှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှု ပိုမိုတိုးတက် အဆင်ပြေ ချောမွေ့လာစေဖို့နဲ့ မြန်မာနိုင်ငံအတွင်း ရင်းနှီး မြှုပ်နှံမှုတွေ ပိုမိုတိုးပွားလာစေဖို့အတွက် ရည်ရွယ်ပြီး ဖွဲ့စည်းတာ ဖြစ်ပါတယ်။

အသင်းဖွဲ့စည်းတဲ့အခါမှာ မြန်မာနိုင်ငံက ကုမ္ပဏီ အကြီး၊ အလတ်၊ အငယ်တွေ နဲ့ တရုတ်နိုင်ငံက State-own ကုမ္ပဏီ တွေ၊ ပုဂ္ဂလိက ကုမ္ပဏီ အကြီး၊ အလတ်၊ အငယ်တွေနဲ့ ဖွဲ့စည်းနိုင်ရေးကို ဆောင်ရွက်နေတာ ဖြစ်တယ်လို့ အသင်း ဖြစ်မြောက်ရေး အဖွဲ့ကနေ သိရပါတယ်။

လက်ရှိအချိန်အထိ MCTIP အသင်းမှာ ပါ၀င်ဖို့ တရုတ်ကုမ္ပဏီ (၇၉) ခု နဲ့ မြန်မာ ကုမ္ပဏီ (၃၇၉) ခု စာရင်း ပေး ထား တယ်လို့လည်း သိရပါတယ်။




