မျိုးသုဉ်းဖို့အန္တရာယ်ရှိတဲ့မျိုးစိတ်အဖြစ် သတ်မှတ်ထားတဲ့ အရွယ်ရောက်တိုက်လိပ်အထီး (၂၅)ကောင်နဲ့ အမ(၂၅) ကောင်ကို ဇွန်လ(၂၃) ရက်နေ့က ချင်းတွင်းမြစ်ထဲကို လွှတ်ပေးခဲ့တယ်လို့ ထမံသီတောရိုင်းတိရစ္ဆာန် ထိန်းသိမ်း ရေးဌာနကနေ သိရပါတယ်။
အဲဒီတိုက်လိပ်တွေကို စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ် လင်းဖားကျေးရွာအနီးရှိ ချင်းတွင်းမြစ် ရေပေါ်ခြံမှာ ညင်သာစွာစေလွှတ်ခြင်းစနစ်နဲ့ စေလွှတ်ထားတဲ့ တိုက်လိပ်တွေထဲက အရွယ်ရောက်တိုက်လိပ် အကောင် ၅၀ ကို လွှတ်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။
တိုက်လိပ်ရဲ့ ပေါက်ဖွားရှင်သန်ရာဒေသဟာ ကချင်ပြည်နယ် မြစ်ကြီးနားဒေသဖြစ်ပြီး အရင်ကဧရာဝတီမြစ် ၊ ချင်းတွင်းမြစ် ၊ စစ်တောင်းမြစ်နဲ့ မြစ်လက်တက်တွေမှာ ပျံ့နှံ့စွာတွေ့ခဲ့ရပေမဲ့လည်း အခုအခါ ချင်းတွင်းမြစ်မှာသာ ရှားပါးစွာတွေ့ရတော့တယ်လို့သိရပါတယ်။
တိုက်လိပ်ဟာ အသီးအရွက်စားလိပ်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ သဘာဝအရင်းအမြစ်များထိန်းသိမ်းရေးအဖွဲ့ IUCN Red List မှာ မျိုးသုဉ်းရန်အန္တရာယ်ရှိမျိုးစိတ်အဖြစ် ထည့်သွင်းထိန်းသိမ်းကာကွယ်ထားရှိပြီး မြန်မာနိုင်ငံမှာ လုံးဝကာကွယ်ထားတဲ့ တောရိုင်းတိရစ္ဆာန်တွေစာရင်းမှာ ထည့်သွင်း ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထား တယ်လို့ သိရပါတယ်။