မုံရွာကွမ်းစျေးကွက်မှာ ကွမ်းစျေးတွေက အမြင့်ဘက်မှာ ရှိနေတယ်လို့ ကွမ်းခြံပိုင်ရှင်တွေဆီက သိရပါတယ်။ မုံရွာကွမ်းစျေးကွက်ကို မုံရွာမြို့ဝန်းကျင် ကွမ်းခြံတွေက အများစု ဝင်ရောက်လာတာဖြစ်ပြီး တခြားနယ်တွေ ကလည်း အနည်းငယ်ဝင်ရောက်တယ်လို့ ဆိုပါတယ်။ ဆောင်းအဝင်ကစပြီး ကွမ်းစျေးတွေ မြင့်တက်လာတာ ဖြစ်ပြီး မုံရွာကွမ်းစျေးကွက်မှာ ကွမ်းရွက်တစ်ပိဿာကို ကျပ် ၁၂၀၀၀ စျေးနဲ့ အရောင်းအဝယ်ဖြစ်တာပါ။
အရင်က ကွမ်းခြံပိုင်ရှင်တွေက မုံရွာဈေးကွက်ကို လာရောက် ရောင်းချကြရပေမယ့် အခုအခါမှာတော့ ကွမ်းစျေးတက်လာတာကြောင့် ပွဲစားတွေက ခြံအရောက် ဆင်းဝယ် တာတွေရှိနေတယ်လို့ သိရပါတယ်။ အခုကာလမှာတော့ ဒေသတွင်း သွားလာရေလမ်းကြောင်းပေါ်မူတည်နေပြီး လွယ်ကူလျင် လွယ်ကူသလို ခက်ခဲလျင်ခက်ခဲသလို စျေးကွက်အကျိုးသက်ရောက်မှုရှိနေတယ်လို့ သိရပါတယ်။