မြန်မာ့လက်ဖက်ကဏ္ဍ ထုတ်ကုန်နှင့်ဝန်ဆောင်မှုတွေမှာ မြန်မာ့လက်ဖက်စုပေါင်းပိုင်အမှတ်တံဆိပ် (Myanmar Tea Collective Mark)ကို အသုံးပြုတော့မှာဖြစ်တယ်လို့ မြန်မာနိုင်ငံလက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(MTA)ကသိရပါတယ်။
မြန်မာ့လက်ဖက် စုပေါင်းပိုင်အမှတ်တံဆိပ်စတင်အသုံးပြုခွင့်ကို အောက်တိုဘာလ(၆)ရက်က ရန်ကုန်မြို့ Chatrium Hotel မှာ ပြုလုပ်တဲ့ အခမ်းအနားမှာကြေညာခဲ့တာဖြစ်ပါတယ်။
အမှတ်တံဆိပ်အသုံးပြုထားတဲ့ လက်ဖက်ထုတ်ကုန်တွေဟာ မြန်မာနိုင်ငံက လက်ဖက်စစ်စစ်ကို အသုံးပြုထားတယ်ဆိုတာကိုပြသချင်တာကြောင့်ဖြစ်တယ်လို့ မြန်မာနိုင်ငံလက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(MTA) အတွင်းရေးမှူး ဦးလင်းပြည့်ထွန်းကပြောပါတယ်။
မြန်မာ့လက်ဖက် စုပေါင်းပိုင်အမှတ်တံဆိပ်မှာ လက်ဖက်စိုက်တောင်သူတွေ၊ လက်ဖက်စိုက်ပျိုးထုတ်လုပ်သူတွေ၊ လက်ဖက်ရောင်းဝယ်ဖောက်ကားသူတွေ၊ လက်ဖက်နဲ့ဆက်စပ်တဲ့ဝန်ဆောင်မှုပြုလုပ်သူတွေအားလုံးနဲ့ သက်ဆိုင်တဲ့အမှတ်တံဆိပ်ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်းရှိ လက်ဖက်စိုက်ပျိုးမှုကဏ္ဍဟာ လက်ရှိအခြေအနေမှာဆိုရင် ထုတ်လုပ်မှုစရိတ်စက ကြီးမြင့်လာတာ၊ လက်ဖက်ကရရှိတဲ့ဝင်ငွေလျော့နည်းတာ၊ လုပ်သားရှားပါးမှုစတဲ့အခက်အခဲတွေကို ကြုံတွေ့နေရတဲ့အတွက် လက်ဖက်စိုက်ပျိုးကဏ္ဍ ထိခိုက်ဆုံးရှုံးမှာကိုကာကွယ်နိုင်ဖို့ စုပေါင်းအမှတ်တံဆိပ်ကို အကောင်အထည်ဖော်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။