ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့တဲ့နိုင်ငံတွေမှာ ဈေးကွက်နဲ့ဈေးနှုန်းဖြစ်ပေါ်မှုတွေအရ အောက်တိုဘာလ ၇ ရက်ကနေ အောက်တိုဘာလ ၁၃ ရက်အထိ ရန်ကုန်အထိုင်ဈေးလက်ကားရည်ညွှန်းဈေးအဖြစ် စားအုန်းဆီတစ်ပိဿာကို ၆၄၅၅ ကျပ်သတ်မှတ်ထားတယ်လို့ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့အပတ်ကတော့ တစ်ပိဿာကို ၆၇၂၀ ကျပ်သတ်မှတ်ခဲ့တဲ့အတွက် အခုတစ်ပတ်မှာတစ်ပိဿာကို ၂၆၅ ကျပ်လောက် ဈေးနှုန်းကျဆင်းသွားတာတွေ့ရပါတယ်။
စားအုန်းဆီရည်ညွှန်းဈေးတွေကို စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့တဲ့ မလေးရှားနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ဈေးနှုန်းတွေကို နေ့စဉ်စောင့်ကြည့်ကာသယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်တွေ၊ ဘဏ်စရိတ်တွေ၊ အခွန်အခတွေထည့်သွင်းတွက်ချက်ပြီး ပြည်တွင်းဈေးကွက်မှာ ရောင်းဝယ်ရမယ့်အခြေခံလက်ကားရည်ညွှန်းဈေးတွေကို ထုတ်ပြန်ပေးနေတာဖြစ်တယ်လို့သိရပါတယ်။
ဒါ့အပြင် ပြည်တွင်းဈေးကွက်ထဲမှာ စားအုန်းဆီကိုဈေးကစားဖို့ရည်ရွယ်ချက်နဲ့ သိုလှောင်တာ၊ ဈေးနှုန်းမြှင့်တင်ရောင်းချတာ နဲ့မသမာတဲ့လုပ်ဆောင်မှုတွေပြုလုပ်ရင် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်အရသိရပါတယ်။