အီဂျစ်အသင်းနဲ့ခြေစမ်းပွဲမှာ ပေါင်ကြွက်သားဒဏ်ရာရခဲ့တဲ့ နောက်ခံလူ ဝက်စ်လေရဲ့ နေရာအတွက် မန်ယူ ကွင်းလယ်ကစားသမားသစ် အီဒါဆန်ကို ဘရာဇီးအသင်း အစားထိုးခေါ်ယူလိုက်ပါတယ်။ ရိုးမားနောက်ခံလူ ဝက်စ်လေဟာ အီဂျစ်အသင်းနဲ့ပွဲမှာ ပွဲအစပိုင်း ၁၅ မိနစ်မှာပဲ ဒဏ်ရာရသွားခဲ့တာဖြစ်ပြီး ဒဏ်ရာကို အသေးစိတ် စစ်ဆေးချက်တွေအရ ဘယ်ဘက်ပေါင်ကြွက်သားဒဏ်ရာရခဲ့တာဖြစ်တယ်လို့ ဘရာဇီးအသင်း ကြေညာချက်မှာ ရေးထားပါတယ်။

အသက် ၂၂ နှစ်အရွယ် ဝက်စ်လေအနေနဲ့ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ဒဏ်ရာကနေ ပြန်ကောင်းလာဖို့ မဖြစ်နိုင်တာကြောင့် ဝက်စ်လေရဲ့နေရာမှာ အီဒါဆန်ကို အစားထိုးခေါ်ယူလိုက်တာလည်း ဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် အီဒါဆန်ဟာ အတ္တလန္တာအသင်းကနေ မန်ယူအသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရထားပြီး ဇွန်လ ၈ ရက်နေ့မှာ ဘရာဇီးအသင်းရှိရာ အမေရိကန် နိုင်ငံကို လာရောက်ပူးပေါင်းမှာဖြစ်ပါတယ်။

၂၀၂၄ မေလမှာ ဘရာဇီးလက်ရွေးစင်အသင်းအတွက် ပထမဆုံး ပါဝင်ကစားပေးနိုင်တဲ့ အီဒါဆန်ဟာ နိုင်ငံအသင်းကိုယ်စားပြု ၃ ပွဲပါဝင်ကစားပေးထားပြီး နည်ပြ အန်ဆလော့တီ ရဲ့ အပြီးသတ် ၂၆ ယောက်စာရင်းမှာ ပါဝင်ခြင်းမရှိပေမယ့် ဝက်စ်လေဒဏ်ရာရသွားတာကြောင့် ကမ္ဘာ့ဖလားမှာ ဘရာဇီးအသင်းအတွက် ကစားပေးခွင့်ရတော့မှာလည်းဖြစ်ပါတယ်။




