အခု ၂၀၂၆ ခုနှစ် မေလက ရန်ကုန်စတော့အိတ်ချိန်း (YSX) Main Board မှာ စတော့ရှယ်ယာအရောင်းအဝယ် တန်ဖိုးဟာ ကျပ် ၂ ဒသမ ၈၅၉ ဘီလီယံကျော်ရှိခဲ့တယ်လို့ YSX က ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။မေလအတွင်း ရန်ကုန်စတော့အိတ်ချိန်း Main Board မှာ စတော့ရှယ်ယာစောင်ရေ ၅၃၇,၀၀၀ ကျော် အရောင်း အဝယ်ဖြစ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဧပြီလထဲကတော့ ရန်ကုန်စတော့အိတ်ချိန်း Main Board မှာ စတော့ရှယ်ယာစောင်ရေ ၃၃၀၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး တန်ဖိုးကျပ် ၁ ဒသမ ၆၃၀ ဘီလီယံကျော်သာ ရှိခဲ့တာပါ။ ဒါကြောင့် ဧပြီလနဲ့မေလ နှိုင်းယှဉ်ရင် မေလထဲမှာ စတော့ရှယ်ယာအရောင်းအဝယ်တန်ဖိုး ကျပ် ၁ ဒသမ ၂ ဘီလီယံကျော် ပိုခဲ့ပါတယ်။အခုနှစ်ထဲမှာ စတော့ရှယ်ယာဘက်ကို ရင်းနှီးမြှုပ်နှံသူတွေ ပိုမိုစိတ်ဝင်စားလာတာကြောင့် စတော့ဈေးကွက်မှာ အရောင်းအဝယ်တွေက တစ်လထက်တစ်လ ပိုမိုမြင့်လာတာကို တွေ့ရပါတယ်။လက်ရှိ ရန်ကုန်စတော့အိတ်ချိန်း Main Board မှာ အများပိုင်ကုမ္ပဏီ ၈ ခုနဲ့ နေ့စဉ်အစုရှယ်ယာ အရောင်းအဝယ် တွေကို ဆောင်ရွက်နေပြီး Pre Listing Board မှာတော့ အများပိုင်ကုမ္ပဏီ ၂ ခု က နေ့စဉ် အရောင်းအဝယ်တွေ ဆောင်ရွက်နေပါတယ်။




