အခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဧပြီလနဲ့ မေလမှာ ပြည်ပကို ဆန် နဲ့ဆန်ကွဲတန်ချိန် ၃ သိန်းကျော် တင်ပို့ ထားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ စာရင်းတွေအရ သိရပါ တယ်။၂ လအတွင်း ပြည်ပကို ဆန် နဲ့ ဆန်ကွဲ တန်ချိန် ၃၀၅,၈၂၁ တင်ပို့မှုကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၉၃ သန်း ရရှိထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း မြန်မာ့ဆန်နဲ့ဆန်ကွဲ တန်ချိန် ၁၆၉,၅၅၉ တန် တင်ပို့ခဲ့ပြီး မေလထဲမှာ ဆန်နဲ့ဆန် ကွဲတန်ချိန် ၁၃၆,၂၆၂ တန် တင်ပို့နိုင်ခဲ့တာပါ။အခုဘဏ္ဍာနှစ်အတွင်း နိုင်ငံတကာဈေးကွက်ကို ပင်လယ်ရေကြောင်းကနေသာ ဆန်နဲ့ဆန်ကွဲ တင်ပို့ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေး ကနေ တင်ပို့မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။ပြည်ပကို ဆန်တင်ပို့ရာမှာ မဒါဂတ်စကား ၊ ဖိလစ်ပိုင် ၊ တရုတ် ၊ ပိုလန် ၊ စပိန် နိုင်ငံတွေကို ဆန်တန်ချိန် အများဆုံး တင်ပို့ခဲ့ပြီး ဆန်ကွဲကိုလည်း ၊ တရုတ် ၊ ဘယ်လ်ဂျီယံ ၊ နယ်သာလန် ၊ ပိုလန် ၊ စပိန် ၊ အီတလီ နဲ့ UK နိုင်ငံတွေကို အများဆုံး တင်ပို့ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာဈေးကွက်ကို ဧည့်မထ/ ငစိန် အုပ်စုဝင်တွေဖြစ်တဲ့ ဆင်းသုခ၊ သီးထပ်ယဉ်၊ ရတနာတိုး၊ ငစိန် ရာကျော်၊ ကရင်မ၊ ထွန်းပု၊ ၊ဇီယာ ၊ ငွေတိုး၊ မင်းဧရာ ၊ ရွှေမန်း စတဲ့ ဆန်ကြမ်းတွေကို အဓိက တင်ပို့နေပြီး တရုတ်နိုင်ငံက ဈေးကွက်ဝေစု ၅၀ ရာခိုင်နှုန်းလောက် ဈေးကွက်ဝေစုရယူထားတယ်လို့ သိရပါတယ်။




