ဂျာမနီလက်ရွေးစင်အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ရခဲ့တဲ့ဒဏ်ရာကြောင့် အသက် ၁၈ နှစ်အရွယ် ဂျာမနီ ကြယ်ပွင့် လန်နက် ကားလ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်မှာဖြစ်တယ်လို့ သိရပါတယ်။ဂျာမနီဘောလုံးအဖွဲ့ချုပ်ရဲ့ သတင်းထုတ်ပြန်ချက်အရ ကားလ်ဟာ သောကြာနေ့အသင်းလေ့ကျင့်ရေးမှာ ကြွက်သားစုတ်ပြဲတဲ့ဒဏ်ရာကို ရခဲ့တာဖြစ်ပြီး သူ့ရဲ့နေရာမှာ လိုက်ပ်ဇစ်အသင်းရဲ့ အသက် ၂၀ အရွယ် ကွင်းလယ်လူ အက်ဆန် အိုဝီဒရာဂို ကို အစားထိုးရွေးချယ်လိုက်တယ်လို့ သိရပါတယ်။

ဂျာမနီအသင်းဟာ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲကို ဇွန် ၁၄ ရက်နေ့ မှ စတင်ကစားရမှာဖြစ်ပြီး ဖီဖာရဲ့ စည်ကမ်းချက်ထဲမှာ ကစားသမားတစ်ယောက် အပြင်းအထန် ဒဏ်ရာရတာ၊ နာမကျန်းဖြစ်တာမျိုး ရှိနေရင် အသင်းတစ်သင်းက အုပ်စုအဖွင့်ပွဲမကစားခင် ၂၄ နာရီအလိုမှာ ကစားသမား အစားထိုးခေါ်ယူခွင့်ရှိတယ်လို့ ပါရှိတာ ဖြစ်ပါတယ်။လန်နက်ကားလ်ဟာ အမေရိကန်အသင်းနဲ့ ကစားမယ့် ကမ္ဘာ့ဖလားမတိုင်ခင် နောက်ဆုံးခြေစစ်ပွဲအတွက် လေ့ကျင့်မှုူမှာ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ကံမကောင်းစွာနဲ့ပဲ ကားလ်က လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရခဲ့ပြီး ဒဏ်ရာအခြေအနေက ဆိုးရွားပုံ ရပါတယ်လို့ နည်းပြ နာဂယ်စ်မန်းက ပြောသွားခဲ့ပါတယ်။




