အမေရိကန်ဟာ အီရန်စစ်ပွဲ ဆင်နွှမှုအတွက် အခုအချိန်အထိ အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံ ခန့်ကုန်ကျခဲ့တယ်လို ပင်တဂွန်အရာရှိက ပြောကြားခဲ့တာကို Reuters သတင်းကဖော်ပြပါတယ်။ ဘဏ္ဍာရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Jules Hurst က ကုန်ကျငွေအများစုဟာ ခဲယမ်းမီးကျောက်တွေအတွက်ဖြစ်ကြောင်း အောက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲများကော်မတီရှိ ဥပဒေပြုအမတ်တွေကို ပြောကြားခဲ့ပါတယ်။

ကုန်ကျစရိတ်ခန့်မှန်းချက်ထဲမှာ ပဋိပက္ခအတွင်း ပျက်စီးသွားတဲ့ အရှေ့အလယ်ပိုင်းရှိ အခြေခံအဆောက်အအုံတွေ ပြန်လည်တည်ဆောက်ခြင်းနဲ့ ပြုပြင်ခြင်းတွေ မပါဝင်သေးဘူးလို ပြောကြားထားပါတယ်။ အီရန်မှာ နျူကလီးယားလက်နက်မရှိစေဖို အမေရိကန်ရည်မှန်းချက်ကို ထည့်သွင်းစဉ်းစားပါက ကုန်ကျစရိတ်မှာ တရားမျှတကြောင်း ကာကွယ်ရေးဝန်ကြီး ပီတီ ဟက်ဆက်သ်က လွှတ်တော်အမတ်တွေကို ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ အီရန်ကို တိုက်ခိုက်မှုတွေ စတင်ခဲ့ပြီး နှစ်ဖက်စလုံးဟာ လက်ရှိမှာ ပျက်စီးလွယ်တဲ့ အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းထားဆဲပါ။ ပင်တဂွန်က အရှေ့အလယ်ပိုင်းကို နောက်ထပ်တပ်ဖွဲဝင် ထောင်ပေါင်းများစွာ စေလွှတ်ခဲ့ပြီး ဒေသတွင်းမှာ လေယာဉ်တင်သင်္ဘော သုံးစင်း ထားရှိခဲ့တာဖြစ်ပါတယ်။



