လာမဲ့ မတ်လ ၂၇ ရက်မှာ ကျရောက်မဲ့ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ဝင် မုခ်ဦးဖွင့်ပွဲကို မတ် ၂၅ ရက်၊ မနက်ပိုင်းက အဲ့ဒီမုခ်ဦးနေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကနေ သိရပါတယ်။မုခ်ဦးဖွင့်ပွဲကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေ၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦး၊ ပြည်နယ်ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ ဒေသ ခံပြည်သူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဦးစွာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက စစ်တွေမြို့ဝင် မုခ်ဦး တည်ဆောက်တာနဲ့ စပ်လျဉ်းပြီး ရှင်းလင်းတင်ပြကာ ပြည်နယ် သယံဇာတရေးရာ ဝန်ကြီးက မုခ်ဦးဖွင့်ပွဲ အထိမ်းအမှတ် ဓာတ်ပုံတွေကို ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ နဲ့ တိုင်းမှူးတို့ထံ ပေးအပ်ကာ မြို့မိမြို့ဖတစ်ဦးက ကျေးဇူးတင် စကား ပြော ကြားခဲ့တယ်လို့ ဆိုပါတယ်။အဲဒီနောက် တာဝန်ရှိသူတွေက စစ်တွေမြို့ဝင် မုခ်ဦးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ နဲ့ တိုင်းမှူးတို့က မြို့ဝင်မုခ်ဦးကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ မြို့ဝင်မုခ်ဦး တည် ဆောက်ခြင်း အထိမ်းအမှတ် ကဗ္ဗည်းကျောက်စာကို အမွှေးနံ့သာရည်တွေ ပက်ဖြန်း ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ဆက်လက်ပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနဲ့ တာဝန်ရှိသူတွေက အကအလှတွေနဲ့ ကပြဖျော်ဖြေ တင်ဆက်ကြတဲ့ ရခိုင်ယဉ်ကျေးမှုအဖွဲ့၊ ပန်းဖွားအဖွဲ့၊ အေရိုးဗစ် အဖွဲ့ နဲ့ ရခိုင်စည်တော်အဖွဲ့တို့ကို ဂုဏ်ပြုဆုငွေတွေ ပေးအပ် ချီးမြှင့်ခဲ့ကြတယ်လို့ ဆိုပါတယ်။အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းမှူးနဲ့ တာဝန်ရှိသူတွေက စစ်တွေမြို့ဝင် မုခ်ဦးကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနား တက်ရောက်လာကြသူတွေကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြတယ်လို့ သိရ ပါတယ်။




