မြန်မာနိုင်ငံမှာ သွေးတွင်းသကြားဓာတ်နဲ့ အဆီဓာတ်များတာ၊ ခန္ဓာကိုယ်အလေးချိန်များတဲ့ရောဂါ ဖြစ်ပွားနိုင်ခြေ အများစုဟာ ပိုမိုမြင့်တက်လာတာကို တွေ့ရှိရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောပါတယ်။မတ်လ ၁၁ ရက် မနက်ပိုင်းက ပြုလုပ်တဲ့ မြန်မာနိုင်ငံမှာ မကူးစက်နိုင်တဲ့ရောဂါတွေ ဖြစ်ပွားနိုင်ခြေတွေကို လေ့လာတဲ့ သုတေသနအစီရင်ခံစာ အသိပေးတင်ပြတဲ့အခမ်းအနားမှာ ဒေါက်တာသက်ခိုင်ဝင်းက အခုလို ပြောကြားလိုက်တာပါ။

မကူးစက်နိုင်တဲ့ ရောဂါတွေ ဖြစ်ပွားနိုင်ခြေတွေကို လေ့လာတဲ့ သုတေသနကို ၂၀၀၃ ခုနှစ်၊ ၂၀၀၉ ခုနှစ်၊ ၂၀၁၄ ခုနှစ်နဲ့ အခုနောက်ဆုံး ၂၀၂၅ ခုနှစ်တို့မှာ ဆောင်ရွက်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် သုတေသနရလဒ်တွေနဲ့ အခုနောက်ဆုံးရရှိတဲ့ သုတေသနရလဒ်တွေကို နှိုင်းယှဉ်ကြည့်မယ် ဆိုရင် သွေးတိုးရောဂါဖြစ်ပွားမှုနဲ့ ဆေးလိပ်နဲ့ ဆေးရွက်ကြီးသုံးစွဲမှုတို့မှာ အနည်းငယ် လျော့ကျလာပြီး ပြည်သူ လူထုအတွင်း အခြေခံဆေးဝါးရရှိမှုအခြေအနေ တိုးတက်မြင့်မားလာတာကို တွေ့ရှိရပါတယ်။

ဒါပေမဲ့ သွေးတွင်း သကြားဓာတ်နဲ့ အဆီဓာတ်များတာ၊ ခန္ဓာကိုယ်အလေးချိန်များတဲ့ရောဂါ ဖြစ်ပွားနိုင်ခြေ အများစုကတော့ ပိုမို မြင့်တက်လာတာကို တွေ့ရှိရတယ်လို့ ပြောပါတယ်။မြန်မာနိုင်ငံမှာ လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်တဲ့ အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ခရစ်သက္ကရာဇ် ၂၀၃၀ မှာ ပြည့်မီဖို့ ရည်မှန်းထားပြီး စီစဉ်ဆောင်ရွက်နေတယ်လို့ ဒေါက်တာသက်ခိုင်ဝင်းက ပြောပါတယ်။




