နိုင်ငံခြားငွေကြေးဈေးကွက်မှာ စက်သုံးဆီ လုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေး မယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မတ် ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။ အလားတူ ဗဟိုဘဏ်က CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေအနက် အမေရိကန်ဒေါ်လာ တစ်သန်းကျော်ကို စားသုံးဆီ တင်သွင်းတဲ့ ကုမ္ပဏီတွေကို မတ် ၁၁ ရက်က ရောင်းချပေးခဲ့တယ်လို့ ဆိုပါတယ်။

အခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဇန်နဝါရီလ ၁၅ ရက်အထိ ၉ လကျော်အတွင်း နိုင်ငံခြားငွေကြေး ဈေးကွက်ထဲမှာ အမေရိကန် ဒေါ်လာ ၃ ဘီလီယံကျော် ရောင်းချထားပြီး ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ အချက် အလက်တွေအရ သိရပါတယ်။လက်ရှိမှာတော့ စက်သုံးဆီ မပြတ်စေဖို့နဲ့ မော်တော်ယာဉ်တွေက တစ်ရက်အတွင်း နှစ်ကြိမ် ဒါမှမဟုတ် ၃ ကြိမ် တန်းစီ ဝယ်ယူနေတာတွေ ပပျောက်စေရေးအတွက် စက်သုံးဆီဆိုင်တွေဟာ တယ်လီဖုန်း အပလီကေးရှင်း အသုံးပြုပြီး တစ်ရက်မှာ တစ်ကြိမ်သာ စက်သုံးဆီ စိစစ်ရောင်းချသွားမဲ့ အစီအစဉ်ကို မတ် ၁၂ ရက်က စပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ ဆောင်ရွက်နေတယ်လို့ စွမ်းအင်ဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံက တင်သွင်းနေတဲ့ စက်သုံးဆီတွေဟာ ထိုင်းနိုင်ငံက မဟုတ်ဘဲ စင်ကာပူနဲ့ မလေးရှားနိုင်ငံတို့ကနေ ပင်လယ်ရေကြောင်းနဲ့ အဓိက တင်သွင်းနေတာပါ။ အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် နိုင်ငံအများအပြားမှာ စက်သုံးဆီ အကျပ်အတည်းနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပေမဲ့ မြန်မာ နိုင်ငံမှာ ရက် ၄၀ စာ စက်သုံးဆီ ဖူလုံမှု ရှိတယ်လို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လ(၄) ရက်မှာ အသိပေး ပြောကြားထားပါတယ်။မတ်လ ၁၁ ရက်က FX Market Online Trading Platform မှာ အရောင်းအဝယ်လုပ်တဲ့ ဈေးနှုန်းက အမေရိကန် တစ်ဒေါ်လာကို ၃၆၅၈ ကျပ် ၊ တရုတ် တစ်ယွမ်ကို ၅၅၇ ကျပ် နဲ့ ထိုင်းတစ်ဘတ်ကို ၁၂၅ ဒသမ ၃၀ ကျပ် ဖြစ်ပါ တယ်။




