၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်၊ မနက်ပိုင်းက ပြည်ပ စာစစ်ဌာနတွေ အပါအဝင် တစ်နိုင် ငံလုံးအတိုင်းအတာနဲ့ စတင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးမှာတော့ ပထမနေ့ မြန်မာစာဘာသာရပ်ကို ဖြေဆို ဖို့ ပျက်ကွက်သူ ၁၉၀၀ ကျော် ရှိတယ်လို့ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးကနေ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်း စာစစ်ဌာန ၁၀၈ ခုမှာ စာမေးပွဲဖြေဆိုဖို့ စာရင်းပေးသွင်းထားသူ (၄၇၀၀၀) ကျော် ရှိကာ ပထမနေ့ မြန်မာစာဘာသာရပ်ကို လာရောက်ဖြေဆိုသူဟာ (၄၅၀၀၀) ကျော်ရှိပြီး ပျက်ကွက်သူ (၁၉၁၄) ယောက်ရှိတဲ့အတွက် ဖြေဆိုသူရာခိုင်နှုန်း (၉၆) ရာခိုင်နှုန်းနီးပါး ရှိခဲ့တာဖြစ်ပါတယ်။တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ မတ် ၁၁ ရက်ကနေ ၁၇ ရက်အထိ ဖြေဆိုရမှာဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်းတွေ၊ ကိုယ်ပိုင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေက ကျောင်းသား၊ ကျောင်းသူတွေ ဝင်ရောက်ဖြေဆိုနေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမဲ့ ကျောင်းသား၊ ကျောင်းသူတွေ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး အတွက် သက်ဆိုင်ရာဒေသရှိ အာဏာပိုင်တွေ၊ အသင်းအဖွဲ့တွေနဲ့ ရပ်မိရပ်ဖတွေ ပူးပေါင်းညှိနှိုင်း ဆောင်ရွက် ထားပြီး သွားလာရေး အဆင်ပြေအောင်လည်း စီစဉ်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။




