၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်၊ မနက်ပိုင်းက စတင် ကျင်းပရာ ပြည်ပ စာစစ် ဌာနတွေ အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနတွေမှာ ပထမနေ့ မြန်မာစာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသူ နှစ်သိန်းခွဲကျော်ရှိပြီး ပျက်ကွက်သူ ၁၃၀၀၀ ကျော်ရှိတယ်လို့ ပညာရေးဝန်ကြီးဌာနကနေ သိရပါတယ်။

အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံခြားစာစစ်ဌာန အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန (၈၈၇) ခု ဖွင့် လှစ်ခဲ့တာဖြစ်ပြီး စာမေးပွဲဖြေဆိုဖို့ စာရင်းပေးသွင်းထားသူ (၂၆၈၇၅၃) ယောက်ရှိကာ မြန်မာစာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသူ (၂၅၅၂၂၈) ယောက်ရှိတဲ့အတွက် ဖြေဆိုသူ ရာခိုင်နှုန်းမှာ ၉၅ ရာခိုင်နှုန်းနီးပါး ရှိတာဖြစ်ပါ တယ်။
အလားတူ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုဖို့ စာရင်းပေးသွင်းထားသူဟာ (၃၃၈၆) ယောက်ရှိပြီး ပထမနေ့ မြန်မာစာဘာသာရပ်ကို ဖြေဆိုသူ (၃၃၆၄) ယောက်ရှိတဲ့အတွက် ဖြေဆိုသူ ရာခိုင်နှုန်းမှာ ၉၉ ရာခိုင်နှုန်းကျော်ရှိတယ်လို့လည်း ပညာရေးဝန်ကြီးဌာနကနေ သိရပါတယ်။

စာမေးပွဲဖြေဆိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေ စိတ်အေးချမ်းသာစွာနဲ့ ဘေးအန္တရာယ်ကင်းစွာ ဖြေဆိုနိုင်ရေး အတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်/ ကျေး ရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးခဲ့တယ်လို့ သိရပါတယ်။အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ မတ်လ ၁၁ ရက်မှာ မြန်မာစာ ဘသာရပ်ကိုဖြေဆိုခဲ့ပြီးနောက် မတ်လ ၁၂ ရက်မှာ အင်္ဂလိပ်စာ၊ မတ်လ ၁၃ ရက်မှာ သင်္ချာ၊ မတ်လ ၁၄ ရက်မှာ ဓာတုဗေဒ/ပထဝီဝင်၊ မတ်လ ၁၆ ရက်မှာ ရူပဗေဒ/သမိုင်းနဲ့ မတ်လ ၁၇ ရက်မှာ ဇီဝဗေဒ/ဘောဂဗေဒ ဘာသာရပ်တွေကို ဆက်လက်ဖြေဆိုရမှာ ဖြစ်ပါ တယ်။




