မြန်မာနဲ့တရုတ်နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းစတင်လုပ်ကိုင်မဲ့ ခရီးသွားအေဂျင်စီတွေကို လိုအပ်တဲ့ အဆက်အသွယ်တွေကို ချိတ်ဆက်ကူညီပေးသွားမယ်လို့ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာကနေ သိရပါတယ်။ ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာအနေနဲ့ ခရီးသွားလုပ်ငန်းကို တိုက်ရိုက်မလုပ်ဆောင်ပေမဲ့ နှစ်နိုင်ငံက ခရီးသွား အေဂျင်စီတွေ အချင်းချင်းအဆက်အသွယ်ရရှိဖို့ စင်တာဘက်က ချိတ်ဆက်ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာ Senior Assistant to Director ဒေါ်ဝင့်သူလှိုင်က ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ ဆောင်းရာသီခရီးသွား အစီအစဉ်တွေကို မိတ်ဆက်တဲ့အခမ်းအနားဖြစ်တဲ့ China Winter Tourism Promotion & Seminar ပွဲကို ဇန်နဝါရီလ ၁၃ ရက်က ရန်ကုန်မြို့ရှိ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှာ ပြုလုပ်ခဲ့ တာပါ။ အဲဒီပွဲကို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၊ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနဲ့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းကျင်းပတာဖြစ်ပြီး ခရီးသွားလုပ်ငန်းရှင်အချင်းချင်း ပိုမိုရင်းနှီးစေဖို့၊ သတင်းအချက်အလက် တွေ မျှဝေဖို့နဲ့ မြန်မာနိုင်ငံသားတွေနဲ့ အဆင်ပြေနိုင်မဲ့ တရုတ်ခရီးစဉ်လမ်းကြောင်းတွေ ရေးဆွဲရာမှာ အထောက် အကူဖြစ်စေဖို့ ရည်ရွယ်ဆောင်ရွက်တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီပွဲမှာ မြန်မာနိုင်ငံသားတွေအတွက် တရုတ်ဗီဇာမူဝါဒ၊ တရုတ်နိုင်ငံရဲ့ဆောင်းရာသီခရီးစဉ်လမ်းကြောင်းတွေကို မိတ်ဆက်ပြသခဲ့ပါတယ်။မြန်မာနိုင်ငံမှာ တရုတ်ခရီးသွားလုပ်ငန်းဆောင်ရွက်နေတဲ့ ခရီးလှည့်လည်ရေးကုမ္ပဏီ ၅၂ ခုရှိပြီး မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံအကြား လေကြောင်းလိုင်း ၈ လိုင်း တိုက်ရိုက်ပျံသန်းပြေးဆွဲနေတယ်လို့ သိရပါတယ်။ လက်ရှိကာလဟာ တရုတ်နိုင်ငံမှာ ဆောင်းရာသီဖြစ်တဲ့အတွက် မြန်မာကနေ တရုတ်နိုင်ငံကို သွားရောက်လည် ပတ်သူ များပြားနေပြီး ချုံချင့်ခရီးစဉ်ကို စိတ်ဝင်စားမှု အများဆုံးရှိနေတယ်လို့ မြန်မာ-တရုတ် ခရီးသွားအေဂျင်စီ တွေဆီက သိရပါတယ်။ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာနနဲ့ ယူနန်ပြည်သူ့ အစိုးရတို့ ပူးပေါင်းထူထောင်ဖွင့်လှစ်ထားပြီး နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ဖို့နဲ့ ခရီးသွားကဏ္ဍမြှင့်တင်နိုင်ဖို့၊ ချစ်ကြည်ရေးတိုးမြှင့်စေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွင့်လှစ်တာ ဖြစ်တယ်လို့ သိရပါတယ်။




