ဝက်စ်ဟမ်းအသင်းတိုက်စစ်မှူး ဖူခရက်ချ်ကို ရာသီကုန်အထိ အငှားနဲ့ခေါ်ယူလိုက်တယ်လို အေစီမီလန်အသင်း အတည်ပြုလိုက်ပါတယ်။ အေစီမီလန်အသင်းအနေနဲ့ ရာသီအကုန်မှာ ဖူခရက်ချ်ကို အပြီးသတ်ခေါ်ယူခွင့်ကိုလည်း သဘောတူညီမှုယူထားနိုင်ခဲ့တယ်လို သိရပါတယ်။

၂၀၂၄ နွေရာသီမှာ ဝက်စ်ဟမ်းအသင်းကို ရောက်လာခဲ့တဲ့ ဖူခရက်ချ်အတွက်လည်း လန်ဒန်မှာ ၁၈ လကြာ စိတ်ပျက်စရာကာလကို ဖြတ်သန်းခဲ့ရပြီးနောက် အီတလီကို ရောက်လာခဲ့တာဖြစ်ပါတယ်။ ဂျာမနီလက်ရွေးစင် ဖူခရက်ချ်ဟာ ဝက်စ်ဟမ်းအတွက် ၂၉ ပွဲသာ ကစားခွင့်ရခဲ့သလို ၃ ဂိုးသာသွင်းယူထားနိုင်တာဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ် ဖူခရက်ချ်ကတော့ ပြီးခဲ့တဲ့ ၁ နှစ်ခွဲလုံးက စိတ်ကူးထားသလို မဖြစ်ခဲ့ပေမယ့် အခက်ခဲဆုံးအချိန်မှာတောင် အကူအညီတွေပေးခဲ့တဲ့အတွက် ဝက်စ်ဟမ်း အသင်းကို ကျေးဇူးတင်ပါတယ်လို အေစီမီလန်အသင်းဆီကို ပြောင်းရွှေ့ပြီးနောက် သူ့ရဲ့ အင်စတာဂရမ်မှာ ရေးထားပါတယ်။

ဖူခရက်ချ်ဟာ လွန်ခဲ့တဲ့တစ်ပတ်လောက်ထဲက အီတလီကို ရောက်နေတာဖြစ်ပြီး အေစီမီလန် အသင်းနဲ့ ဆေးစစ်မှုခံယူခဲ့သလို အေစီမီလန်အသင်းဖော်တွေနဲ့လည်း လေ့ကျင့်မှုတွေ ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။ ရာသီအကုန်မှာ ဝက်စ်ဟမ်းအသင်း ရလဒ်ကောင်းတွေ ရယူနိုင်ဖို ဆုတောင်းပေးတယ်လိုလည်း ဖူခရက်ချ်က ရေးထားခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းက ပရီးမီးယားလိဂ် အဆင့် ၁၈ နေရာမှာ ရပ်တည်နေတာ ဖြစ်ပြီး အေစီမီလန်အသင်းကတော့ ဇယားထိပ်ဆုံးက အင်တာမီလန်အသင်းနဲ့ ၁ မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။




