အိုလံပစ်ရွှေတံဆိပ် ၄ ခုရရှိထားတဲ့ ဩစတြေးလျရေကူးမယ် တစ်မက်စ်(Titmus)ဟာ အသက် ၂၅ နှစ်အရွယ်မှာပဲ ကစားသမားဘဝကနေ အနားယူလိုက်ပြီလို့ ကြေညာပါတယ်။ အခုအချိန်က ကစားသမားဘဝကို ထားခဲ့ရမယ့် အမှန်ကန်ဆုံး အချိန်လို့ ခံစားမိတာကြောင့် အခုလိုအနားယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ တစ်မက်စ်က ပြော ပါတယ်။

ရေကူးရတာကို ငယ်ငယ်လေးထဲက ဝါသနာပါတဲ့ သူ့အတွက် ဒီဆုံးဖြတ်ချက်က ခက်ခဲတဲ့ ဆုံးဖြတ်ချက် ဖြစ်ခဲ့ပြီး အခုချိန်မှာတော့ ဆုံးဖြတ်ချက် ချနိုင်ခဲ့လို့ ပျော်ရွှင်ရပါတယ်လို့ တစ်မက်စ်ကပြောပါတယ်။ ဘဝမှာ ရေကူးတာထက် ပိုအရေးကြီးတဲ့အရာတွေကို ခံစားမိလာခဲ့တယ်လို့ ပဲရစ်အိုလံပစ်ပြိုင်ပွဲအပြီးမှာ တစ်မက်စ်က ပြောကြားခဲ့ပြီး အခုချိန်မှာတော့ အနားယူဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ တစ်မက်စ်ဟာ မီတာ ၂၀၀ အလွတ်ကူးပြိုင်ပွဲရဲ့ လက်ရှိကမ္ဘာ့စံချိန်ရှင်ဖြစ်သလို အိုလံပစ် ဆုတံဆိပ် ၈ ခုအပါအဝင် နိုင်ငံတကာ ဆုတံဆိပ် ၃၂ ခု ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

မနှစ်က ပြုလုပ်ခဲ့တဲ့ ပဲရစ်အိုလံပစ်ပြိုင်ပွဲမတိုင်ခင်မှာ တစ်မက်စ်ဟာ သားအိမ် အကျိတ်ကို ဖယ်ရှားဖို့အတွက် ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အသက် ၇ နှစ်အရွယ်မှာ ရေကူအားကစားလောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ တစ်မက်စ်ဟာ ရေကူး ကစားခြင်းကို ၁၈ နှစ်ကြာ ပြုလုပ်ခဲ့ပြီးနောက် အနားယူဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။




