မန္တလေးငလျင်ကြီးကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ဒုတိယအကြိမ် အလှူငွေပေး အပ် လှူဒါန်းပွဲမှာ အလှူရှင်တွေရဲ့ လှူဒါန်းမှုက ကျပ် ၁၃၁ ဘီလီယံကျော်နဲ့ အမေရိကန်ဒေါ်လာ ၂ သန်းကျော် ရှိတယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ ဒုတိယအကြိမ် အလှူငွေပေးအပ်လှူဒါန်းပွဲကို မေ ၂၉ ရက်၊ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ ပြုလုပ်ရာ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားပြီး အလှူငွေတွေ လက်ခံခဲ့ပါတယ်။

ငလျင်ကြီးကြောင့် နေပြည်တော် အပါအဝင် တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ ထိခိုက်မှု ရှိခဲ့ပြီး တိုင်းနဲ့ပြည်နယ် ၆ ခုမှာ ငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရကာ မူလထိခိုက် ပျက်စီးဆုံးရှုံးမှု တန်ဖိုး ကျပ် ၃၈၀၄ ဒသမ ၅၄၉ ဘီလီယံ ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ငလျင်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နေတဲ့ ကာလဖြစ်လို့ တပ်မတော်အနေနဲ့ ဧပြီ ၂ ရက်ကစကာ အခုမေလကုန်ထိ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပေးထားတာကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ သက်ဆိုင်သူတွေအနေနဲ့လည်း ယာယီအပစ်အခတ် ရပ်စဲထားတဲ့အပေါ် အလေးထားစဉ်းစားပြီး လိုက်နာဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုတယ်လို့ ဆိုပါတယ်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့ အခါမှာလည်း လက်ရှိ ကြုံတွေ့နေရတဲ့ ဘေးအန္တရာယ်တွေ အပြင် နောင်ဖြစ်လာနိုင်ခြေရှိတဲ့ ဘေးအန္တရာယ်တွေအတွက်ပါ ကြိုတင်ထည့်သွင်းစဉ်းစားပြီး သတ်မှတ် စံညွှန်း တွေနဲ့အညီ အနာဂတ်အတွက် တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။အဲဒီနောက် ပြည်တွင်း၊ ပြည်ပ စေတနာရှင် အလှူရှင်တွေက အလှူငွေတွေ ပေးအပ်လှူဒါန်းရာ အိမ်ခန်း ၁၆ ခန်းပါ ၄ ခန်းတွဲ ၄ ထပ်တိုက် အဆောက်အဦတစ်လုံးကို ကျပ်သိန်း ၂၀၀၀၀ နှုန်းနဲ့ အလုံးပေါင်း ၅၁ လုံးအပါအဝင် စုစုပေါင်း တန်ဖိုးငွေကျပ် ၁၃၁ ဒသမ ၅၃ ဘီလီယံ နဲ့ အမေရိကန်ဒေါ်လာ ၂၃၁၄၉၀၀ ဖြစ်တယ်လို့လည်း သိရ ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီ ၁ ရက်က ပထမအကြိမ် အလှူငွေပေးအပ်လှူဒါန်းပွဲမှာလည်း အလှူရှင်တွေရဲ့ လှူဒါန်းမှုက ကျပ် ၁၁၂ ဒသမ ၈၇ ဘီလီယံ၊ အလှူပစ္စည်းတန်ဖိုး ၁၂ ဒသမ ၄ ဘီလီယံ စုစုပေါင်းငွေကျပ် ၁၂၅ ဒသမ ၂၇ ဘီလီယံ ရှိခဲ့ပါတယ်။




