သဘာဝဘေးကို မူလကတည်းက ထိထိရောက်ရောက် ကြိုတင်စီမံဆောင်ရွက်ခဲ့မယ်ဆိုရင် ပြန်လည် ထူထောင် ရေး လုပ်ငန်းတွေမှာ သုံးရတဲ့ ကုန်ကျစရိတ်ထက် ၇ ဆခန့် လျော့နည်း သက်သာစေမှာ ဖြစ်တယ်လို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ မေ ၂၉ ရက် မွန်းလွဲပိုင်းက နေပြည်တော် ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ ကျင်းပပြုလုပ်တဲ့ ဒုတိယ အကြိမ် အလှူငွေ ပေးအပ်လှူဒါန်းပွဲမှာ ပြောကြားခဲ့တာပါ။

ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာလည်း လက်ရှိ ကြုံတွေ့နေရတဲ့ ဘေးအန္တရာယ်တွေ အပြင် နောင်ဖြစ်လာနိုင်ခြေရှိတဲ့ ဘေးအန္တရာယ်တွေကိုပါ ကြိုတင်ထည့်သွင်း စဉ်းစားပြီး သတ်မှတ် စံချိန်စံညွှန်း တွေနဲ့အညီ အနာဂတ်အတွက် တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုဟာ နိုင်ငံရဲ့ ကြံ့ကြံ့ခံနိုင်ရည်ကို မြှင့်တင်ပေးရုံသာမက သဘာဝဘေးကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ အခြားဖွံ့ဖြိုးတိုးတက်မှုတွေ မဆုံးရှုံးစေရေးအတွက်ကိုပါ အကျိုးရှိစေမှာ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ရေတို ရေရှည် အစီအမံတွေ ချမှတ်ပြီး မူလအခြေအနေထက် ပိုမိုသာလွန်ကောင်းမွန်တဲ့ ပြန်လည်ထူထောင်မှု ဖြစ်စေ ရေး၊ ဘယ်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်လှပ်မှု မရှိစေရေးတို့ကို ဦးတည်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။အဲဒီလို ဆောင်ရွက်ရာမှာလည်း နိုင်ငံတော်အစိုးရ အင်အားတစ်ခုတည်းနဲ့ ဆောင်ရွက်ဖို့ အကန့်အသတ်တွေ ရှိတဲ့ အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြမှသာ ငလျင်ဘေးသင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်း တွေကို မြန်မြန်ဆန်ဆန်နဲ့ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။




