ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်က အင်းလေးဒေသမှာ တစ်လကျော်ကြာတဲ့အထိ နေအိမ်တွေရေနစ်မြုပ်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ တချို့ကျေးရွာတွေကတော့ ရေအနည်းငယ်ကျဆင်းတာမျိုးရှိနေပေမယ့်ရေနစ်မြုပ်ခံလိုက်ရတဲ့နေအိမ်တွေအများစုက ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
အင်းလေးတောင်ပိုင်းက လယ်ခြေထက်ကျေးရွာမှာဆိုရင် အိမ်ခြေ(၃၈)အိမ်ရှိပြီး အိမ်ခြေ(၃၀)ခန့်က ကြမ်းခင်းတွေ၊ အိမ်နံရံတွေ ကွာကျပျက်စီးတာတွေရှိတယ်လို့ သိရပါတယ်။
“အလှူရှင်တွေမလာဘူးဆိုရင် စားစရာလည်းမရှိဘူး၊ နေစရာလည်းမရှိဘူးပေါ့။ မီးလည်းထွန်းစရာမရှိဘူး၊ အခုက ပြန်လည်ထူထောင်ဖို့အတွက်လည်း ပိုက်ဆံမရှိတော့အလှူရှင်တွေလိုအပ်နေပါတယ်”လို့ လယ်ခြေထက်ကျေးရွာက ပရဟိတလုပ်ငန်း ဆောင်ရွက်နေတဲ့ ကိုကျော်မင်းဝင်းကပြောပါတယ်။
လယ်ခြေထက်ကျေးရွာဟာ အင်းလေးဒေသအတွင်းရှိ ဖောင်တော်ဦးဘုရား နောက်ဘက်မှာရှိတဲ့ကျေးရွာဖြစ်ပြီး ကျေးရွာနေပြည်သူအများစုက ဘုရားကိုမှီခိုပြီး လုပ်ကိုင်စားသောက်နေကြတာဖြစ်တယ်လို့သိရပါတယ်။
အင်းလေးတောင်ပိုင်းကကျေးရွာတွေမှာ ရေကြီးနစ်မြုပ်မှုတွေကြောင့် လမ်းခရီးသွားလာရတာ အခက်အခဲရှိနေကြပြီး အလှူရှင်တွေလာရောက်မှုနည်းပါးတယ်လို့ ဒေသခံတွေကပြောပါတယ်။ အခုအချိန်မှာ ရေအနည်းငယ်ကျပေမယ့် တချို့ဒေသခံတွေဟာ မိမိတို့နေအိမ်တွေမှာမနေနိုင်ကြသေးပါဘူး။