မဟာမိတ်တွေအနေနဲ့ ပုန်းရှောင်မနေဘဲ ယူကရိန်းမှာ ရုရှားဘက်ကနေ မြောက်ကိုရီးယား ပါဝင်ပတ်သက်မှုကို တုံ့ပြန်ဆောင်ရွက်ဖို့ ယူကရိန်း သမ္မတ ဇယ်လန်းစကီးက အင်္ဂါနေ့မှာ တောင်းဆိုလိုက်ပါတယ်။
မြောက်ကိုရီးယား တပ်ဖွဲ့ဝင် (၁၂၀၀၀)လောက်ထိပါဝင်တဲ့ တပ်ဖွဲ့နှစ်ခုဟာ ရုရှားတပ်တွေနဲ့အတူ ပါဝင်တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ သတင်းအချက်အလက်တွေကို ယူကရိန်းက ရထားကြောင်းလည်း သူ့ရဲ့ ညပိုင်းမိန့်ခွန်းမှာ ဇယ်လန်းစကီးက ပြောသွားပါတယ်။
ယူကရိန်းထောက်လှမ်းရေးအကြီးအကဲက အမေရိကန်သတင်းစာ The War Zone ကို ပြောကြားခဲ့တဲ့အထဲမှာလည်း မြောက်ကိုရီးယားတပ်ဖွဲ့တွေကို ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက ယူကရိန်းတပ်တွေ ဖောက်ဝင်တိုက်ခိုက်မှုလုပ်ခဲ့တဲ့ ရုရှားတောင်ပိုင်း ကူ့စ်ဒေသမှာ ဗုဒ္ဓဟူးနေ့မှာ မြင်တွေ့ရနိုင်ခြေရှိနေတယ်လို့ ပြောခဲ့ပါတယ်။
ဇယ်လန်းစကီးကလည်း မြောက်ကိုရီးယားရော ရုရှားကပါ ပဋိပက္ခတစ်ခုမှာ လူသူသေဆုံး အရေအတွက်ကို ထည့်သွင်းမစဉ်းစားတတ်ကြောင်း၊ ကမ္ဘာတစ်ဝန်းမှာ ရှိနေကြတဲ့သူတွေမှာ စစ်ပွဲရပ်တန့်ရေးအတွက် စိတ်အားထက်သန်မှုရှိတာခြင်း တူညီတဲ့အတွက် ရုရှားနဲ့ သူ့အပေါင်းအပါတွေကို ဟန့်တားရမှာ ဖြစ်တယ်လို့ သူ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ဥရောပတိုက်က စစ်ပွဲတစ်ခုမှာ ပါဝင်ပတ်သက်နိုင်တယ်ဆိုတာဟာ အဲဒီနိုင်ငံအစိုးရအပေါ် ဖိအားပေးမှုတွေဟာ ထိရောက်မှု လုံးလုံး မရှိလို့ ဖြစ်ကြောင်းလည်း ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ဆက်ပြောသွားခဲ့ပါတယ်။