ပဲခူးတိုင်းဒေသကြီးမှာ ရေကြီးရေလျှံမှုတွေကြောင့် ရေဘေးသင့်ပြည်သူတွေအတွက် အကူအညီတွေလိုအပ်နေပြီး အလှူရှင်တွေ လာရောက်လှူဒါန်းနိုင်တယ်လို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးမောင်ကြည်က ပြောပါတယ်။
လက်ရှိမှာတော့ ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ် ၁၃ မြို့နယ်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာဖြစ်ပြီး ပဲခူး၊ လက်ပံတန်း၊ သာယာဝတီ၊ ရွှေတောင်နဲ့ မိုးညိုမြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေပိုမိုဖြစ်ပွားနေတာဖြစ်တယ်လို့ ဆိုပါတယ်။ ရေဘေးသင့်ပြည်သူတွေအတွက် နေထိုင်စားသောက်ရေးနဲ့ ကျန်းမာရေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်နေပြီး ပုဂ္ဂလိကအလှူရှင်တွေအနေနဲ သောက်ရေသန့်၊ ခေါက်ဆွဲ၊ ထမင်းထုပ်စတဲ့ လှူဒါန်းမှု တွေ လာရောက်ပြုလုပ်နိုင်တယ်လို့လည်း ဦးအေးမောင်ကြည်က ပြောပါတယ်။
ပဲခူးတိုင်းဒေသကြီးမှာ ရေဘေးသင့်ပြည်သူတွေအတွက် နေထိုင်စားသောက်ရေးအတွက် အကူအညီတွေလိုအပ်နေတာကြောင့် ရေဘေးကူညီကယ်ဆယ်ရေးလှူဒါန်းမှုတွေပြုလုပ်ဖို့ လူမှုကူညီရေးအသင်းတွေကလည်း အကူအညီတောင်းခံထားပါတယ်။
ဒါ့အပြင် ပဲခူးမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းတာနဲ့ ပဲခူးမြစ်ရေ မြင့်တက်လာတာကြောင့် ယာယီရေဘေးရှောင်စခန်း ၂၇ ခု ဖွင့်လှစ်ထားပြီး လူဦးရေ နှစ်သောင်းခွဲကျော်အတွက် နေထိုင်စားသောက်ရေးအဆင်ပြေစေဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ပံ့ပိုးကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။