ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နဲ့ လှိုင်းဘွဲ့မြို့နယ်တွေမှာ မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတာကြောင့် ဘားအံမြို့နယ်မှာ ရေဘေးကယ်ဆယ်ရေးစခန်း ၁၄ ခု၊ လှိုင်းဘွဲ့မြို့နယ်မှာ ရေဘေးကယ်ဆယ်ရေးစခန်း ၆ ခု ဖွင့်လှစ်ထားတယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။
ဘားအံနဲ့ လှိုင်းဘွဲ့မြို့နယ်တွေက အနိမ့်ပိုင်းရပ်ကွက်၊ ကျေးရွာတွေမှာ ရေဝင်နစ်မြုပ်မှုတွေ ဖြစ်ပေါ်နေတာဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရေဘေးသင့်ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ဆန်ဖိုးငွေတွေကို ထောက်ပံ့ကူညီပေးထားတယ်လို့ သိရပါတယ်။ လှိုင်းဘွဲ့မြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် အာရှလမ်းမကြီးပေါ်မှာရှိတဲ့တံတား၂ စင်းလည်း ကျိုးကျသွားတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဇူလိုင် ၂၉ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းတာချက်အရ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက်ကို ကျော်လွန်ပြီး ၉၄၂ စင်တီမီတာကို ရောက်ရှိနေကာ နောက် ၁ ရက်အတွင်း ၂ လက်မခန့် ကျဆင်းနိုင်ပေမယ့် စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက် တည်ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။