အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့အိန်ဂျယ်လိစ်မြို့မှာ (၁၀)ဧကခန့် လောင်ကျွမ်းနေတဲ့ တောမီး ဟာ နာရီပိုင်းအတွင်း ဧက (၃၀၀၀)နီးပါးအထိ ပြန့်ကား ကူးစက်လာတာကြောင့် အရေးပေါ်အခြေအနေ ထုတ်ပြန် ထားရပါတယ်။
အင်္ဂါနေ့က စတင်တဲ့ အဲဒီတောမီးကြောင့် လူပေါင်း (၃၀၀၀၀)လောက်ကို နေရပ်ရွှေ့ပြောင်းဖို့ ညွှန်ကြားထားပြီးတော့ နေအိမ် အဆောက်အဦ (၁၃၀၀၀)လောက်ဟာလည်း မီးဘေးအန္တရာယ် ခြိမ်းခြောက်မှု အောက် ရောက်ရှိနေတယ်လို့ လော့စ်အိန်ဂျယ်လိစ် မီးသတ်တပ်ဖွဲ့ အကြီးအကဲ ကရစ္စတင်း ခရောလေးက ပြောပါ တယ်။ ထွက်ပေါ်လာတဲ့ ဗီဒီယိုမြင်ကွင်းတွေမှာ ပစိဖိတ် ပယ်လီဆိတ် ဧရိယာမှာ နေအိမ်တွေ မီးလောင်ကျွမ်းနေ တာကို တွေ့ရပြီး မြို့ခံတွေဟာ မီးဘေးကနေ လွတ်မြောက်ဖို့ ကားတွေကို ထားခဲ့ပြီး ထွက်ပြေးနေကြတာကို တွေ့ရပါတယ်။
အဲဒီမီးဟာ အင်္ဂါနေ့ ဒေသစံတော်ချိန် မနက်(၁၀)နာရီခွဲလောက်မှာ စတင်လောင်ကျွမ်းခဲ့တာပြီး တစ်နာရီကို မိုင်(၅၀)နှုန်းနဲ့ တိုက်ခတ်တဲ့လေပြင်းနဲ့ ခြောက်သွေ့တဲ့ ရာသီဥတုအခြေအနေကြောင့် အချိန်တို အတွင်း ပြန့်ကားထွက်လာတာပါ။ အဲဒီမီးဘေးကြောင့် ကယ်လီဖိုးနီးယားပြည်နယ်အတွင်းက ဒေသခံ သန်းပေါင်း များစွာကို အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားရပါတယ်။