ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ ဆက်လက် အားကောင်းနိုင်တာကြောင့် မြန်မာနိုင်ငံတစ်ဝန်းမှာ စက်တင်ဘာ ၁၃ ရက်၊ မနက်ပိုင်းကနေ စက်တင်ဘာ ၁၅ ရက်အတွင်း မိုးကြီးတာနဲ့အတူ လေပြင်းတိုက်ခတ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၁၃ ရက်၊ မနက် ၇ နာရီအချိန် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စက်တင်ဘာ ၁၃ ရက်၊ မနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ဖြစ်ပေါ်နေတဲ့ လေပွေလှိုင်းဟာ အနောက်-အနောက် မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာနိုင်ကာ နောက်(၁၂)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းနဲ့ ဆက်စပ် နေတဲ့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့မှာ လေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီလလေဖိအားနည်းရပ်ဝန်းဟာ အနောက်-အနောက် မြောက်ဘက်ကို ဖြည်းညင်းစွာ ဆက်လက် ရွေ့လျား နိုင်ပြီး နောက်(၄၈)နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ကာ အနောက်ဘင်္ဂလားပြည်နယ်ကမ်းရိုးတန်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတို့မှာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
ဖြစ်ပေါ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်နဲ့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ ဆက်လက်အားကောင်းနိုင်တာကြောင့် စက်တင်ဘာ ၁၃ ရက်၊ မနက်ပိုင်းကနေ စက်တင်ဘာ ၁၅ ရက်အတွင်း ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီး နိုင်ပါတယ်။ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒါကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ လေပြင်းတိုက်ခတ်တာ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ် နိုင်တဲ့အတွက် ကုန်းမြင့်ဒေသ၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင် သူတွေအနေနဲ့ မြေပြိုမှုနဲ့ ရေကြီးရေလျှံမှုတွေကို ကြိုတင်သတိပြုနိုင်ဖို့ အသိပေး နှိုးဆော်ထားပါတယ်။