မြန်မာနိုင်ငံတစ်ဝန်း အောက်တိုဘာ ၂ ရက် ညပိုင်းကနေ အောက်တိုဘာ ၆ ရက်အတွင်း မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂ ရက်၊ ည ၇ နာရီအချိန် ထုတ်ပြန်တဲ့ အထူးမိုးလေဝသသတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
အနောက်ဘက်က ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်၊ အပူပျံတက်တိမ်တွေ ဖြစ်ထွန်းမှု အားကောင်းတာ၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တို့က လေနွေးတွေနဲ့ တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသက ရွေ့လျားလာတဲ့ လေအေးတွေ တွေ့ဆုံမှု၊ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း ကရတ်သွန်က ပြတ်ထွက် လာတဲ့ တိမ်တိုက်တွေကြောင့် မိုးကြီးနိုင်တာလို့ ဆိုပါတယ်။
ဒါ့ကြောင့် နေပြည်တော်၊ မန္တလေးတိုင်း၊ ကရင်နဲ့မွန်ပြည်နယ် အပါအဝင် တိုင်းနဲ့ပြည်နယ် အများစုမှာ နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသတွေမှာ ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးတာ၊ လေပြင်းတိုက်ခတ်တာ ဖြစ်ပေါ်နိုင်သလို ရန်ကုန်နဲ့ပဲခူးတိုင်းဒေသကြီး အပါအဝင် တိုင်းနဲ့ ပြည်နယ် အချို့မှာတော့ နေရာကျဲကျဲကနေ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာ၊ လျှပ်တစ်ပြတ်ရေကြီးတာနဲ့ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်သူ တွေအနေနဲ့ ရေကြီးရေလျှံမှုအန္တရာယ်တွေကို ကြိုတင်သတိပြုရှောင်ရှားနိုင်ဖို့နဲ့ ပြည်တွင်းရေကြောင်းသွားလာရေး နဲ့ လေကြောင်းပျံသန်းရေးအနေနဲ့လည်း ကြိုတင်သတိပြုနိုင်ဖို့ သတိပေးနှိုးဆော်ထားပါတယ်။