အရှေ့ဘက်နဲ့ အနောက်ဘက်က ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်နဲ့ အပူပျံတက်တိမ်တွေဖြစ်ထွန်းမှု အားကောင်းတာကြောင့် ဧပြီ၁၅ရက်ညကနေ ဧပြီ၁၉ရက်အထိ နိုင်ငံတစ်ဝန်းမှာ မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဧပြီ၁၅ရက် ည၇နာရီအချိန်မှာ ထုတ်ပြန်ထားပါတယ်။

နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာကျဲကျဲ၊ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ကျန်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒါကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာနဲ့ မြေပြိုတာ စတဲ့မိုးလေဝသဖြစ်စဉ်တွေ ဖြစ်နိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ သတိပြုကြဖို့ အသိပေးထုတ်ပြန်ထားပါတယ်။

ဧပြီ၁၅ရက်ညနေပိုင်းက မန္တလေးမြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ငလျင်ဒဏ်ခံထားရတဲ့ ၃ထပ်အဆောက်အဦတစ်ခု ပြိုကျမှုဖြစ်ပွားခဲ့ပါတယ်။