မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတားဖေဖော်ဝါရီလ(၆)ရက်နေ့မနက်ပိုင်းကဖွင့်လှစ်လိုက်ပြီဖြစ်ပြီး နေ့လယ်ပိုင်းလောက်စလို မော်တော်ယာဉ်တွေကို စတင်ဖြတ်သန်းမောင်းနှင်ခွင့်ပြုရာမှာ တံတားအသစ်ကြီးကို စိတ်ဝင်တစား လာရောက်လေ့လာသူတွေ၊ တံတားပေါ်ကိုဖြတ်သန်းမောင်းနှင်တဲ့ မော်တော်ယာဥ်တွေများပြားတာကို တွေ့ရပါတယ်။

တံတားအသစ်ကြီးပေါ်မှာ အလှဓါတ်ပုံတွေလာရိုက်ကူးကြသူတွေလည်း ရှိပါတယ်။တံတားအသစ်ကြီးကိုဖြတ်ပြီး ရန်ကုန်ဘက်ကနေ ဒလဘက်ကိုသွားတဲ့ကားတွေများပြားတာကြောင့် တံတားပေါ်မှာ တန်းစီစောင့်ဆိုင်းခဲ့ရတယ်လိုကိုယ်တိုင်ဖြတ်သန်း မောင်းနှင်ခဲ့တဲ့ယာဉ်မောင်းတစ်ဦးရဲ့ပြောကြားချက်အရ သိရပါတယ်။ဒလတံတားကို ဖေဖော်ဝါရီလ(၆)ရက် မနက်ပိုင်းက နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်တက်ရောက်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) မြစ်ကူးတံတားကို ကိုရီးယားနိုင်ငံ စီးပွားဖွံဖြိုးမှု ရန်ပုံငွေ ချေးငွေနဲ့ အစိုးရ ထည့်ဝင်ငွေ အပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၈၈) သန်းကျော်လောက် အကုန်ကျခံပြီး တည်ဆောက်ခဲ့တာ ဖြစ်တယ်လို သိရပါတယ်။

ဒီတံတားကို တန်ချိန် (၁၅၀၀၀) ရှိတဲ့ ပင်လယ်ကူး သင်္ဘောကြီးတွေနဲ့ ပြည်တွင်းရေကြောင်းသွား သင်္ဘောကြီးတွေ အောက်က ဖြတ်သန်းသွားလာနိုင်အောင်လို တံတား ကင်းလွတ်အမြင့်ပေနဲ့ အကျယ်ပေတွေကို အမြင့်ဆုံး ထားပြီးချဉ်းကပ် တံတားနဲ့ ဆင်ခြေလျှော တံတားတွေကို နိုင်ငံတကာစံနှုန်းတွေနဲ့အညီ တွက်ချက်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ဒလတံတားဟာ မြန်မာနိုင်ငံရှိသံမဏိကြိုးဆိုင်း တံတားတွေအနက် အကြီးဆုံး နဲ့ အရှည်ဆုံး တံတား ဖြစ်လာမှာ ဖြစ်ပါတယ်။မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတား တည်ဆောက်ရေး လုပ်ငန်းတွေကတော့ (၂၀၁၉) ခုနှစ် ၊ မေလမှာ စတင်ခဲ့တာ ဖြစ်ပြီး ၇ နှစ်အကြာမှာ တံတားကို ဖွင့်လှစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။အခုတံတားကြီး ဖွင့်လှစ်လိုက်တဲ့အတွက် ရန်ကုန်မြိုကနေ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြိုနယ်တွေ၊ ဧရာဝတီတိုင်းဒေသကြီးဒေးဒရဲမြိုကနေတစ်ဆင့် ဖျာပုံ၊ ဘိုကလေးမြိုတွေနဲ့ ကမ်းခြေဒေသတွေ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့မြိုနယ်တွေကို အလွယ်တကူဆက်သွယ်သွားလာနိုင်တော့မယ်လို သိရပါတယ်။




