ပြင်ဦးလွင်ကနေ ရန်ကုန်နဲ့ မန္တလေးကို ထွက်ခွာသူတွေများပြားနေတဲ့အတွက် လက်ရှိမှာ ကားလက်မှတ်ပြည့်နေပြီဖြစ်တယ်လို့ ပြင်ဦးလွင်ဂိတ်ရှိ အဝေးပြေးယာဉ်လိုင်းတွေဆီကနေ သိရပါတယ်။ လတ်တလော အခြေအနေတွေကြောင့် ပြင်ဦးလွင်ကနေ ရန်ကုန်နဲ့မန္တလေးကိုဆင်းတဲ့ အဝေးပြေးယာဉ်လိုင်းအချို့မှာ ခရီးသည် ခုံလက်မှတ်တွေ ပြည့်နေပြီး ဩဂုတ် ၁၃ ရက်လောက်အထိ ကားလက်မှတ်တွေ ပြည့်နေတာဖြစ်တယ်လို့ ပြင်ဦးလွင်ဂိတ်ရှိ ပြင်ဦးလွင်-ရန်ကုန်ပြေးဆွဲတဲ့ အဝေးပြေးယာဉ်လိုင်းတစ်ခုက တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။
ပြင်ဦးလွင်ကနေ ရန်ကုန်ကိုသွားတဲ့ ခရီးသည်တွေများပြားပြီး ကားခတွေကတော့ ပုံမှန်ဈေးအတိုင်း ပြင်ဦးလွင်ကနေ ရန်ကုန်ကို တစ်ယောက်ကျပ်နှစ်သောင်းခွဲ၊ ပြင်ဦးလွင်ကနေ မန္တလေးကိုကျပ်တစ်သောင်းခွဲဖြစ်တယ်လို့ဆိုပါတယ်။
ပြင်ဦးလွင်ကနေ ရန်ကုန်ကိုသွားတဲ့ ခရီးသည်တွေဟာ အရင်ကထက်များပြားတဲ့အတွက် ကားလက်မှတ်တွေဟာ ဩဂုတ် ၁၂ ရက်၊ ညပိုင်းအထိပြည့်နေပြီဖြစ်သလို ကားခတွေကတော့ ဈေးတက်တာမရှိသေးဘူးလို့ ပြင်ဦးလွင်-ရန်ကုန် ပြေးဆွဲတဲ့ အဝေးပြေးယာဉ်လိုင်းတစ်လိုင်းကလည်းပြောပါတယ်။
ပြင်ဦးလွင်-မန္တလေးအဆင်းမှာလည်း မန္တလေးဘက်ကိုဆင်းတဲ့ ကားအစီးရေဟာ များပြားတဲ့အတွက် ယာဉ်ကြောပိတ်ဆို့တာတွေရှိတယ်လို့လည်း အဝေးပြေးခရီးသည်ကားမောင်းနှင်တဲ့ ယာဉ်မောင်းတစ်ယောက်ကပြောပါတယ်။
ဓာတ်ပုံ-CJ