ကမ္ဘာ့အဆင့် ၁ စပိန်တင်းနစ်သမား ကားလိုစ် အယ်ကာရက်ဇ်ဟာ ၇ နှစ်ကြာလက်တွဲခဲ့တဲ့ နည်းပြဖြစ်သူ ဖာရာရိုနဲ့ လမ်းခွဲလိုက်ကြောင်း ကြေညာလိုက်ပါတယ်။ အယ်ကာရက်ဇ်ဟာ အသက် ၄၅ နှစ်အရွယ် နည်းပြ ဖာရာရိုနဲ့ လက်တွဲခဲ့တဲ့ ကာလအတွင်း ဂရင်းစလမ်ချန်ပီယံ ၆ ခုအပါအဝင် တစ်ဦးချင်းချန်ပီယံဆုပေါင်း ၂၄ ခုအထိ ရယူထား နိုင်ခဲ့တာဖြစ်ပါတယ်။

ဖာရာရိုနဲ့ အယ်ကာရက်ဇ်တို စတင်လက်တွဲချိန်မှာ အယ်ကာရက်ဇ်က အသက် ၁၅ နှစ် အရွယ်သာရှိသေးပြီး အချိန်တိုအတွင်း ကမ္ဘာ့အဆင့် ၁ ကစားသမားအဖြစ်ကို တက်လှမ်းနိုင်ဖိုအတွက် ဖာရာရိုက အဓိက ကူညီပေးခဲ့တာဖြစ်ပါတယ်။ ဖာရာရိုရဲ့ ထူးချွန်ပြောင်မြောက်တဲ့ သင်ကြားမှုတွေကြောင့် မြေစေးကွင်းတွေ မှာသာ ပိုကောင်းတဲ့ အယ်ကာရက်ဇ်ဟာ ကွင်းမျက်နှာပြင်အားလုံးမှာ ပိုကောင်းတဲ့ ကစားသမား ဖြစ်လာခဲ့ပါ တယ်။

ငယ်ဘဝ အိပ်မက်တွေဖြစ်လာဖို အကောင်းဆုံး ကူညီပေးခဲ့တဲ့အတွက် နည်းပြဖာရာရိုကို ကျေးဇူးတင် တယ်လို အသက် ၂၂ နှစ်အရွယ် အယ်ကာရက်ဇ်က ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။ အယ်ကာရက်ဇ်ဟာ ၂၀၂၅ ခုနှစ်အတွင်းမှာ ဂရင်းစလမ်ချန်ပီယံဆုတွေအဖြစ် ပြင်သစ်အိုးပင်းနဲ့ ယူအက်စ်အိုးပင်း ချန်ပီယံဆုတွေကို ရယူနိုင်ခဲ့ ပြီး တစ်ဦးချင်းချန်ပီယံဆု ၈ ခုနဲ့အတူ ကစားသမားဘဝ ဒုတိယအကြိမ်မြောက်အဖြစ် ကမ္ဘာ့အဆင့် ၁ နေရာနဲ့ နှစ်တစ်နှစ်ကို ကုန်ဆုံးနိုင်ခဲ့တာဖြစ်ပါတယ်။




