အာဆင်နယ်အသင်းရဲ့ အားထားရတဲ့ တောင်ပံတိုက်စစ်မှူး ဆာကာဟာ တံကောက်ကြော ဒဏ်ရာကြောင့် ၄ ပတ် ခန့် နားရမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ဆာကာဟာ လာမယ့်တစ်ပတ် တနင်္ဂနွေနေ့မှာ ကစားမယ့် လီဗာပူးအသင်းနဲ့ အန်ဖီးလ်ကွင်းပွဲကို လွဲချော်မှာဖြစ်သလို စက်တင်ဘာလထဲမှာ ကစားဖို့ရှိတဲ့ အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကိုလည်း လွဲချော်ရတော့မှာဖြစ်ပါတယ်။

ဆာကာဟာ လိဒ်ယူနိုက်တက်အသင်းကို အနိုင်ရတဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရခဲ့တာဖြစ်ပြီး ဒဏ်ရာကို အသေးစိတ် စစ်ဆေးမှုတွေအရ မပြင်းထန် ပေမယ့် ပြန်ကစားနိုင်ဖို့ကတော့ ၄ ပတ်လောက် ကြာမြင့်မှာဖြစ်တယ်လို့ သိရပါတယ်။ လိဒ်နဲ့ပွဲမှာပဲ ပုခုံးဒဏ်ရာ ရခဲ့တဲ့ အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်ကတော့ အမြန်ဆုံး ပြန်လည်သက်သာလာနိုင်ပေမယ့် လီဗာပူး အသင်းနဲ့ပွဲမှာ ပါဝင်နိုင်ဖို့ကတော့ နောက်ဆုံးအချိန်အထိ စောင့်ကြည့်သွားရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဆာကာဟာ ပြီးခဲ့တဲ့ရာသီကလည်း ညာဘက် တံကောက်ကြောဒဏ်ရာကြောင့် ၄ လခန့် အနားယူခဲ့ရတာ ဖြစ်ပြီး အခုတစ်ကြိမ်မှာတော့ ဘယ်ဘက် တံကောက်ကြောဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းနဲ့ပွဲမှာ ဆာကာ ပါဝင်နိုင်မှာမဟုတ်တာကြောင့် နည်းပြ အာတီတာဟာ အခုနွေရာသီမှာ အသစ်ခေါ်ယူထားတဲ့ မာဒူကီနဲ့ အီဇီတို့ ထဲက တစ်ယောက်ကို ပွဲထွက်စာရင်းမှာ အသုံးပြုလာနိုင်ပါတယ်။ဒါ့အပြင် အာဆင်နယ်ညာတောင်ပံ အတွက် လူငယ်ကစားသမား ဒေါင်းမန်းလည်းရှိနေလို့ ဆာကာမပါနိုင်မှုက အသင်းကိုကြီးမားတဲ့ အားနည်းချက် ဖြစ်လာမှာ မဟုတ်ဘူးလို့ သိရပါတယ်။




