ဆောက်သမ်တန်အသင်းဆီကနေ ပေါင် သန်း ၄၀ နဲ့ခေါ်ယူလိုက်တဲ့ လူငယ်ကြယ်ပွင့် ဒစ်ဘလင်းက အသင်း အတွက် မှန်ကန်တဲ့ခေါ်ယူမှုဖြစ်တယ်လို့ အဲဗာတန်နည်းပြ မိုရက်စ်က ပြောပါတယ်။ အသက် ၁၉ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့် ဒစ်ဘလင်းကို အဲဗာတန်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းနဲ့ အခြားထပ်တိုး ခံစားခွင့် ပေါင် ၅ သန်း စုစုပေါင်း ပေါင် သန်း ၄၀ နဲ့ခေါ်ယူဖို့ သဘောတူညီမှုရခဲ့တာဖြစ်ပြီး ၄ နှစ်စာချုပ်ချုပ်ဆို လိုက်တာဖြစ်ပါတယ်။

ဒစ်ဘလင်းဟာ အခုနွေရာသီ အဲဗာတန်နည်းပြ မိုရက်စ်ခေါ်ယူတဲ့ ၈ ယောက်မြောက် ကစားသမားသစ်လည်းဖြစ်လာပါတယ်။ အဲဗာတန်အသင်းရဲ့ စီမံကိန်းတွေက သူနဲ့သင့်တော်တယ်လို့ ခံစားမိတဲ့ အတွက် အခုလိုပြောင်းရွှေ့လာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း အင်္ဂလန်ယူ-၂၁ လက်ရွေးစင် ဒစ်ဘလင်းက ပြောသွားပါတယ်။ အသက် ၁၇ နှစ်အရွယ် ၂၀၂၃ မှာ ဆောက်သမ်တန်အသင်းကြီးနဲ့ ပထမဆုံး ကစားခွင့်ရခဲ့တဲ့ ဒစ်ဘလင်းဟာ အင်္ဂလန်ယူ-၂၁ အသင်းအတွက် ၂ ပွဲကစားပေးထားခဲ့ဖူးတာဖြစ်ပါတယ်။

ဘယ်သန် ကစားသမား ဖြစ်တဲ့ ဒစ်ဘလင်းဟာ ဆောက်သမ်တန်အသင်း ညာတောင်ပံတိုက်စစ်မှာ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းပြနိုင်ခဲ့ပြီး နောက် အသင်းအများစုရဲ့ စိတ်ဝင်စားခြင်းကို ခံလာရတာဖြစ်ပါတယ်။ အဲဗာတန်နည်းပြ မိုရက်စ်ကလည်း ဒစ်ဘလင်းက တိုးတက်လာမယ့်အရည်အသွေးတွေ ပိုင်ဆိုင်ထားတဲ့ကစားသမားဖြစ်တယ်လို့ ချီးကျုးထားပါတယ်။




