မန်ယူအသင်းကို စွန့်ခွာဖို့ဆုံးဖြတ်ချက်က ခက်ခဲခဲ့ပေမယ့် ကစားသမားဘဝ တိုးတက်မှုအတွက် မှန်ကန်ခဲ့တယ်လို့ ကွင်းလယ်လူ အိန်ဂျယ် ဂိုမက်စ်က ပြောကြားလိုက်ပါတယ်။
ပြင်သစ်ကလပ် လိုင်လီအသင်းရဲ့ ကွင်းလယ်လူ ဂိုမက်စ်ဟာ လာမယ့်နေးရှင်းလိဂ်ပွဲစဉ်တွေအတွက် အင်္ဂလန်ယာယီနည်းပြ ကာစလေ ရွေးချယ်ခဲ့တဲ့ လူစာရင်းမှာ ပါဝင်လာခဲ့ပြီး စီနီယာအသင်းကြီးအတွက် ပထမဆုံးအကြိမ် ပါဝင်ခွင့်ကိုလည်း ရရှိခဲ့တာပါ။
ဂိုမက်စ်ဟာ အသက် ၆ နှစ်အရွယ် (၂၀၀၆)ခုနှစ်မှာ မန်ယူအသင်းနဲ့စတင်ပူးပေါင်းခဲ့ပြီး အကယ်ဒမီကနေတစ်ဆင့် မန်ယူအသင်းကြီး လူစာရင်းမှာ ပါဝင်ခွင့်ရခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ မန်ယူအသင်းကြီးအတွက် ၄၆ မိနစ်သာ ကစားခွင့်ရခဲ့ပြီး နောက် (၂၀၂၀)ပြည့်နှစ်မှာ ပြင်သစ်ကလပ်လိုင်လီအသင်းကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။
မန်ယူအသင်းကို စွန့်ခွာဖို့ဆုံးဖြတ်ချက်က ကစားသမားဘဝအတွက်ရော ပြင်ပလူနေမှုဘဝအတွက်ပါ ပိုပြီးတော့ အကျိုးရှိစေခဲ့သလို သူ့ကို ပိုမိုရင့်ကျက်စေခဲ့တယ်လို့ ဂိုမက်စ်က ပြောသွားခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ် ဂိုမက်စ်ဟာ ပြီးခဲ့တဲ့ ရာသီက လိုင်လီအသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့သလို အသင်းရဲ့ချန်ပီယံလိဂ်ဝင်ခွင့်ရရေး ကြိုးပမ်းမှုမှာ အရေးပါတဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။