ကြာသပတေးညက ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ဂရိအသင်းကို ရှုံးနိမ့်ခဲ့တဲ့ နာမည်ကြီး အင်္ဂလန်အသင်းဟာ တနင်္ဂနွေညက ကစားခဲ့တဲ့ပွဲမှာတော့ ဖင်လန်အသင်းကို ဂိုးပြတ်နိုင်ပွဲ ပြန်ရသွားခဲ့ပါတယ်။
အင်္ဂလန် ယာယီ နည်းပြ ကာစလေဟာ ဂရိအသင်းနဲ့ပွဲက အလုပ်မဖြစ်ခဲ့တဲ့ ၄-၂-၄ ကစားကွက်အစား အခုပွဲမှာ ၄-၂-၃-၁ ကစား ကွက်ကို ပြောင်းလဲသုံးခဲ့သလို ဟယ်ရီကိန်းပြန်ပါလာတဲ့ တိုက်စစ်ကလည်း ကစားပုံ ပိုကောင်းခဲ့တာပါ။
ပွဲချိန် ၁၈ မိနစ်မှာပဲ ဂရီလစ်ရှ်က အင်္ဂလန်အသင်းအတွက် အဖွင့်ဂိုး သွင်းယူပြီး ပွဲကို ဦးဆောင်ခဲ့ပါတယ်။
ဖင်လန်အသင်း ဘက်က ကြိုးစားခဲ့တယ်ဆိုပေမယ့် အင်္ဂလန်ကပဲ ဘောလုံးပိုင်ဆိုင်မှု အသာရယူပြီး ပွဲကို ထိန်းကစားခဲ့ပါတယ်။
ပွဲချိန် ၇၄ မိနစ်မှာတော့ အာနိုးက လှပတဲ့ အလွတ်တည်ကန်ဘောကနေ ဒုတိယဂိုး ထပ်သွင်းခဲ့သလို ၈၄ မိနစ်မှာ ဒီကလန်ရိုက်စ်က အနိုင်သေချာစေမယ့် တတိယဂိုးကို သွင်းခဲ့ပါတယ်။
အိမ်ရှင်ဖင်လန်အသင်းအတွက် ပွဲပြီး ကာနီးမှာ နောက်ခံလူ ဟော့စ်ကိုနန်က ချေပဂိုးတစ်ဂိုးပြန်သွင်းခဲ့လို့ ပွဲအပြီးမှာ အင်္ဂလန်အသင်း ၃ ဂိုး-၁ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
နေးရှင်းလိဂ် လိဂ်(B) အုပ်စု(၂)ရဲ့ ပွဲစဉ် ၄ ပွဲစီကစားပြီးချိန်မှာ ဂရိအသင်းက ရမှတ် ၁၂ မှတ်နဲ့ အုပ်စုထိပ်ဆုံးမှာရှိနေပြီး အင်္ဂလန်ကတော့ ရမှတ် (၉)မှတ်နဲ့ အုပ်စုဒုတိယနေရာမှာ ရပ်တည်နေပါတယ်။