ကမ္ဘာ့အဆင့်-၃ မှာရပ်တည်နေတဲ့ စပိန်တင်းနစ်သမား အယ်ကာရက်ဇ်ဟာ ယူအက်စ်အိုးပင်းတင်းနစ် ပထမ အဆင့်မှာ ပြိုင်ဘက်ကို အနိုင်ယူပြီး ဒုတိယအဆင့်ကို တက်ရောက်သွားပါတယ်။
ပထမအဆင့်ပွဲမှာ အယ်ကာရက်ဇ်က လက်ရည်စစ်ပွဲအောင်လာခဲ့တဲ့ ဩစတြေးလျတင်းနစ်သမား လီတူနဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ပြိုင်ပွဲက မထင်မှတ်ဘဲ အကြိတ်အနယ် ရှိခဲ့ပါတယ်။
ပဲရစ်အိုလံပစ်ဗိုလ်လုပွဲမှာ ဂျိုကိုဗစ်ကို ရှုံးနိမ့်ခဲ့ပြီး ရွှေဆုနဲ့လွဲခဲ့ရတဲ့ အယ်ကာရက်ဇ်က ယူအက်စ်အိုးပင်းမှာ ချန်ပီယံဆုရဖို့ ပစ်မှတ်ထားလာခဲ့တာဖြစ်ပေမယ့် လီတူကလည်း အကောင်းဆုံး တုံ့ပြန်သွားနိုင်ခဲ့တာ တွေ့ရပါတယ်။
ဒါ့ကြောင့်လည်း ပွဲကစားချိန်က ၂ နာရီနဲ့ ၄၃ မိနစ်ကြာမြင့် ခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ အယ်ကာရက်ဇ်က (၆း၂၊၄း၆၊၆း၃၊၆း၁)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ ဒုတိယအဆင့်ကို တက်သွားခဲ့တာဖြစ်ပါတယ်။
ဒုတိယအဆင့်မှာတော့ အယ်ကာရက်ဇ်ဟာ နယ်သာလန်နိုင်ငံသား ဇန်ချက်နဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အသက် ၂၁ နှစ်အရွယ် အယ်ကာရက်ဇ်ဟာ ၂၀၂၂ ယူအက်စ်အိုးပင်း ချန်ပီယံဆုကို ရရှိထားသူဖြစ်ပြီး ပြိုင်ပွဲအကြိုပြင်ဆင်မှုမှာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့ပေမယ့် ပထမအဆင့်ပွဲမှာ တော့ ဒဏ်ရာကင်းကင်းနဲ့ အကောင်းဆုံး ကစားသွားနိုင်ခဲ့တာဖြစ်ပါတယ်။