အင်္ဂလန်အသင်းယာယီနည်းပြ ဖြစ်လာတဲ့ လီကာစလေဟာ လာမယ့်ပွဲစဉ်တွေကို အင်္ဂလန်အသင်းရဲ့ ကိုယ်ပိုင် ဟန် တစ်ခုကို တည်ဆောက်နိုင်ဖို့က အရေးကြီးတယ်လို့ ပြောကြားလိုက်ပါတယ်။
ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးမှာ နည်းပြ အဖြစ်ကနေ နုတ်ထွက်သွားခဲ့တဲ့ ဆောက်ဂိတ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် ဟာ နည်းပြသစ်ရှာဖွေခဲ့ပေမယ့် နည်းပြသစ်ကို မခန့်အပ်နိုင်သေးခင်မှာ လီကာစလေကို ယာယီနည်းပြအဖြစ် ခန့်အပ် ထားခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်ယူ -၂၁ အသင်းနည်းပြဟောင်း ကာစလေဟာ စက်တင်ဘာလထဲမှာ ကစားရမဲ့ နေးရှင်းလိဂ်ပွဲစဉ်တွေမှာ အင်္ဂလန်အသင်းကို တာဝန်ယူရတော့မှာဖြစ်ပြီး နည်းပြဟောင်း ဆောက်ဂိတ်နဲ့ နည်းပြအဖွဲ့ဝင်ဖြစ်တဲ့ ဟော်လန်တို့ရဲ့ ဂုဏ်ယူစရာကောင်းတဲ့စွမ်းဆောင်မှုတွေကို လိုက်မီနိုင်ဖို့ ကြိုးစားသွားမယ် လို့ ကာစလေက ပြောသွားခဲ့တာပါ။
အသက် ၅၀ အရွယ် ကာစလေဟာ အင်္ဂလန်ယူ-၂၁ အသင်းနဲ့အတူ ၂၀၂၃ ဥရောပ ယူ-၂၁ ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရရှိထားခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ စက်တင်ဘာ ၇ ရက်နေ့ မှာ အိုင်ယာလန်အသင်းနဲ့ အဝေးကွင်းပွဲကစားရမှာဖြစ်ပြီး နောက်၃ ရက်အကြာ ဝင်ဘလေကွင်းမှာ ဖင်လန် အသင်းကို လက်ခံကစားရမှာဖြစ်ပါတယ်။