အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေပေမယ့် ကွင်းလယ်လူ ဒီဘရိုင်းအနေနဲ့ အခုနွေရာသီမှာ မန်စီးတီး အသင်းကနေ ထွက်မှာမဟုတ်ဘူးလို့ နည်းပြဂွါဒီယိုလာက အတည်ပြုလိုက်ပါတယ်။
အသက် ၃၃ နှစ်အရွယ် ဒီဘရိုင်းဟာအခုနွေမှာ ဆော်ဒီကိုပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပြီး အခုနောက်ဆုံး သတင်းတွေအရတော့ အယ်အစ်တီဟတ်အသင်းဆီကနေ မက်မောလောက်ဖွယ်ကမ်းလှမ်းမှုကို လက်ခံရရှိထားတယ်လို့ သိရပါတယ်။
ဒီဘရိုင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ စာချုပ်သက်တမ်းက ၁ နှစ်သာကျန်ရှိတော့တာဖြစ်ပြီး ဆော်ဒီကလပ် တွေဆီက မက်မောလောက်ဖွယ်ကမ်းလှမ်းမှုတွေကို လက်ခံရရှိထားပြီး စဉ်းစားနေတယ်လို့ ပြီးခဲ့တဲ့လက ဒီဘရိုင်း ပြောထားဖူးပါတယ်။
ဒါပေမယ့် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာကတော့ အသင်းကနေ ဒီဘရိုင်းထွက်ခွာမှာ မဟုတ်ဘူးလို့ ဆဲလ်တစ်အသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမတိုင်ခင်မှာ အတည်ပြုသွားခဲ့တာဖြစ်ပါတယ်။
အသင်းရဲ့ လက်ရှိလူစာရင်းထဲမှာ အစားထိုးဖို့ခက်တဲ့ နေရာတွေရှိပြီး အဲဒီနေရာတွေထဲမှာ ဒီဘရိုင်းရဲ့နေရာလည်း ပါတယ်လို့ ဂွါဒီယိုလာက ပြောသွားခဲ့တာပါ။ ဒီဘရိုင်းဟာ မန်စီးတီးအသင်းကို ၂၀၁၅ ခုနှစ်ထဲက ရောက်ရှိနေခဲ့တာ ဖြစ်ပြီး အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှု ၁၅ လုံးအထိ ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။