ချဲလ်ဆီးအသင်းဟာ အခုဆောင်းရာသီအပြောင်းအရွှေ့မှာ ပြင်သစ်ကလပ် ရန်းနက်စ်အသင်းရဲ့ နောက်ခံလူ ဂျက်ကွက်ကို ခေါ်ယူဖို့ စကားပြောဆိုမှုတွေ ပြုလုပ်နေပါတယ်။

ချဲလ်ဆီးအသင်းဟာ ရန်းနက်စ်အသင်းနဲ့ရော ကစားသမားရဲ့ အေးဂျင့်နဲ့ပါ ဆွေးနွေးမှုတွေပြုလုပ်နေတာဖြစ်ပြီး အခုလထဲမှာ ခေါ်ယူမှု အပြီးသတ်နိုင်ဖို့ ကြိုးစား နေတာဖြစ်ပါတယ်။

ပြင်သစ် ယူ-၂၁ လက်ရွေးစင် ဂျက်ကွက်ကိုခေါ်ယူဖို့အတွက် ဥရောပပြိုင်ဘက်အသင်းတွေ စိတ်ဝင်စားနေကြတာဖြစ်လို့ ချဲလ်ဆီးအသင်း လက်ဦးမှုရအောင် ကြိုးပမ်းနေတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်း ဟာ နည်းပြဟောင်း မာရက်စ်ကာလက်ထက် ပြီးခဲ့တဲ့နွေရာသီထဲက နောက်ခံလူတစ်ယောက်ကို ခေါ်ဖို့အတွက် ကြိုးစားနေခဲ့တာဖြစ်ပြီး အခုနည်းပြသစ် ရိုစီနီယာလက်ထက်မှာလည်း ခံစစ်ကို ဦးစားပေးအားဖြည့်မှု ပြုလုပ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းခံစစ်မှာ အားထားရတဲ့ ကိုဝဲလ်က ရာသီကြိုကာလမှာပဲ ဒူးဒဏ်ရာရခဲ့လို့ အခုချိန်ထိ အနားယူနေရပြီး ချာလိုဘက်နဲ့ တိုဆင်တို့ကလည်း ခြေစွမ်းမမှန်တာကြောင့် နည်းပြရိုစီနီယာအနေနဲ့ ခံစစ်မှာ အားကိုးလို့ရနိုင်မယ့် ကစားသမားတွေကို လိုအပ်နေတာဖြစ်ပါတယ်။
သတင်းတွေအရတော့ ချဲလ်ဆီးဟာ ဂျက်ကွက်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေ ရရှိခဲ့ပြီဖြစ်တာကြောင့် ရန်းနက်စ်အသင်းနဲ့ပြောင်းရွှေ့ကြေး ကိုသာ ဆွေးနွေးဖို့ ကျန်တော့တယ်လို့ သိရပါတယ်။




