ဘာစီလိုနာအသင်းကို ပြန်လည်ရောက်ရှိလာပြီးနောက် ဆိုစီဒက်နဲ့ပွဲမှာ ပထမဆုံးအကြိမ် ပါဝင်ကစားပေးခဲ့တဲ့ ညာနောက်ခံလူ ကန်ဆယ်လိုက အသင်းကို ကူညီပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီ အပြောင်းအရွှေ့မှာ အယ်ဟီလယ်အသင်းဆီကနေ ရာသီဝက်အငှားနဲ့ ဘာစီလိုနာကို ပြန်ရောက်လာခဲ့တဲ့ ကန်ဆယ်လိုဟာ ဆိုစီဒက်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲရဲ့ ပွဲချိန် ၆၂ မိနစ်မှာ ဝင်ရောက်ကစားပေးခဲ့တာဖြစ်ပါတယ်။

ပထမဆုံး ဝင်ရောက်ကစားပေးတဲ့ပွဲမှာ ရလဒ်မကောင်းခဲ့ပေမယ့် နောက်ပွဲတွေမှာ အသင်းကိုပိုကောင်းအောင် ကြိုးစားကူညီပေးသွားမှာဖြစ်တယ်လို့လည်း ကန်ဆယ်လိုကပြောပါတယ်။

အသက် ၃၁ နှစ်အရွယ် ကန်ဆယ်လို ဟာ ၂၀၂၃-၂၄ ဘောလုံးရာသီမှာ မန်စီးတီးအသင်းကနေ ဘာစီလိုနာအသင်းဆီကို အငှားလာရောက် ကစားဖူးတာ ဖြစ်ပြီး အခုက ဒုတိယအကြိမ်မြောက် ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းမှာ ကျောနံပါတ် ၂ ကို ဝတ်ဆင်ကစားမယ့် ကန်ဆယ်လိုက နည်းပြဖလစ်ခ်ရဲ့ နည်းစနစ်တွေကို သဘောကျတာ ကြောင့် အခုလို ပြောင်းရွှေ့လာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ပြောထားခဲ့ဖူးသလို ဘာစီလိုနာအသင်းနဲ့အတူ အခုရာသီမှာ အောင်မြင်မှုတွေ ရယူနိုင်ဖို့ ဆုံးဖြတ်ချက်နဲ့ ရောက်လာခဲ့တာဖြစ်တယ်လို့ ကစားသမားသစ်အဖြစ် မိတ်ဆက်ပွဲမှာ ပြောထားခဲ့ပါတယ်။
ကန်ဆယ်လိုဟာ ပထမတစ်ကြိမ် ဘာစီလိုနာအသင်းဆီကို အငှားလာရောက် ကစားပေးတုန်းက ပြိုင်ပွဲစုံ ၄၂ ပွဲအထိ ကစားပေးခဲ့ပြီး ၄ ဂိုးသွင်းကာ ၅ ဂိုးဖန်တီးပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။




