အမျိုးသမီး ဝယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုများ ပေါင်းစည်းပွဲအဖြစ် ဗြိတိန်လက်ဝှေ့မယ်တွေဖြစ်ကြတဲ့ ပရိုက်စ်နဲ့ ဂျိုးနက်စ်တို့ဟာ လာမယ့် ၂၀၂၅ မတ်လ ၇ ရက်နေ့မှာ ထိုးသတ်မှာဖြစ်တယ်လို့ သိရပါတယ်။ ဗြိတိန် လက်ဝှေ့မယ် နှစ်ယောက်စလုံးဟာ ပြီးခဲ့တဲ့တစ်ပတ်ကမှ လီဗာပူးမြို့မှာ ပြိုင်ဘက်တွေကို အနိုင်ယူပြီး သူတို့ရဲ့ ဝယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုတွေကို ဆက်ထိန်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဝေးလ်နိုင်ငံသူ အသက် ၃၀ အရွယ် ပရိုက်စ်ဟာ တတိယအချီမှာပဲ စိန်ခေါ်သူ ကိုလံဘီယာနိုင်ငံသူ မာတက်စ်ကို ဒိုင်ပွဲရပ်နဲ့အနိုင်ယူပြီး WBA ဝယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ဆက်ထိန်းနိုင်ခဲ့တာပါ။ အသက် ၄၀ အရွယ် ဂျိုးနက်စ်ကလည်း ဒသမ အချီမှာ ပြိုင်ဘက် ဟာဘာဇင်ကို အနိုင်ယူပြီး IBF ဝယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ဆက်ထိန်းနိုင်ခဲ့သလို ဟာဘာဇင်ရဲ့ WBC ကမ္ဘာ့ချန်ပီယံဆုကိုပါ ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပရိုက်စ်နဲ့ ဂျိုးနက်စ်တို့ပွဲက အနိုင်ရသူ ဟာ အဖွဲ့ချုပ် ၃ ခုရဲ့ ဝယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်လာမှာဖြစ်ပြီး WBO ဝယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု အတွက် မေယာကို စိန်ခေါ်ထိုးသတ်ခွင့်လည်း ရမှာဖြစ်ပါတယ်။ ဗြိတိန်ရဲ့အကောင်းဆုံး လက်ဝှေ့မယ်နှစ်ယောက် ထိုးသတ်မယ့်ပွဲကို ပရိသတ်အများအပြားလာရောက်ကြည့်ရှုမယ်လို့ မျှော်လင့်ထားကြပြီး သူတို့ရဲ့ စိန်ခေါ်ပွဲကို လန်ဒန်မြို့က Royal Albert Hall မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။