San Mateo အခြေစိုက် Alef Aeronautics ဆိုတဲ့ startup ကုမ္ပဏီက သူတို့ရဲ့ Model A ကားပျံကို Hollister နဲ့ Half Moon Bay လေဆိပ်တွေမှာ တရားဝင် စတင်စမ်းသပ်ပျံသန်းဖို့ သဘောတူညီချက် ရရှိသွားတာကို Tech Worm သတင်းက ဖော်ပြလာပါတယ်။ကားလမ်းပိတ်တာတွေကို ရှောင်ကွင်းပြီး ကောင်းကင်ပေါ်ကနေ ပျံသန်းသွားနိုင်တဲ့ ကားတွေဆိုတာ သိပ္ပံစိတ်ကူး ယဉ် ဇာတ်ကားတွေထဲမှာပဲ တွေ့ရတာ မဟုတ်တော့ပါဘူး။

Silicon Valley မှာ ဒီအိပ်မက်ကို အမှန်တကယ် အကောင်အထည်ဖော်နေပြီလို့ ဆိုပါတယ်။ ဒီ Model A ကားက သာမန်ကားတွေနဲ့ မတူပါဘူး။ လမ်းပေါ်မှာ မောင်းနှင်နိုင်ရုံတင်မကဘဲ၊ လိုအပ်ရင် ရဟတ် ယာဉ် ဒါမှမဟုတ် ဒရုန်းတစ်စင်းလို ဒေါင်လိုက်တည့်တည့် ပျံတက်နိုင်တဲ့ (vertical takeoff) နည်းပညာကို သုံးထားတာပါ။ လျှပ်စစ်စွမ်းအင် အပြည့်အဝသုံးထားတဲ့ ဒီကားဟာ လမ်းမပေါ်မှာ ကားတစ်စီးလို မိုင် ၂၀၀ အထိ မောင်းနှင်နိုင်ပြီး ကောင်းကင်ပေါ်မှာတော့ မိုင် ၁၁၀ အထိ ပျံသန်းနိုင်စွမ်း ရှိပါတယ်။

ဒီကားရဲ့ ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၃ သိန်းလောက် ကျသင့်ပေမဲ့ ကြိုတင်မှာယူမှုပေါင်း ၃,၃၀၀ ကျော် တောင် ရရှိထားပြီးဖြစ်တာမို့ လူတွေ ဘယ်လောက် စိတ်ဝင်စားနေလဲဆိုတာ တွေ့နိုင်ပါတယ်။ စီးပွားဖြစ် မထုတ်လုပ်ခင် ပိုသေးတဲ့ Model Zero Ultralight နဲ့ အရင်စမ်းသပ်မှာပါ။ လေဆိပ်တွေမှာ စတင်မဲ့ စမ်းသပ်မှုတွေမှာတော့ ဒီကားတွေဟာ ပုံမှန် လေကြောင်းသွားလာမှုတွေကြားထဲမှာ ဘယ်လို အန္တရာယ်ကင်းကင်း ဝင်ဆံ့မလဲ ဆိုတာကို အဓိက လေ့လာသွားမှာ ဖြစ်ပါတယ်။



