ကရင်ပြည်နယ်၊ မြဝတီ-မဲထော်သလေး KK Park နယ်မြေမှာ အွန်လိုင်းလောင်းကစားမှုတွေ၊ အွန်လိုင်း လိမ်လည် မှုတွေ ကျူးလွန်ခဲ့ကြတဲ့ ပြည်ပနိုင်ငံသား (၁၆၆)ယောက်ကို အောက်တိုဘာ ၂၉ ရက်က ထပ်မံ စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက သိရပါတယ်။

စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့တဲ့ ပြည်ပနိုင်ငံသားတွေကတော့ ဖိလစ်ပိုင်နိုင်ငံသား (၇၅)ယောက်၊ အိန္ဒိယ နိုင်ငံသား (၇၃)ယောက်၊ တရုတ်နိုင်ငံသား (၁၇)ယောက်နဲ့ ကာဇက်စတန်နိုင်ငံသား (၁)ယောက် စုစုပေါင်း ပြည်ပ နိုင်ငံသား (၁၆၆)ယောက် ဖြစ်ပါတယ်။အဲဒီလို ထိန်းသိမ်းနိုင်ခဲ့တဲ့ ပြည်ပနိုင်ငံသားတွေကို သက်ဆိုင်ရာနိုင်ငံတွေကို အမြန်ဆုံး ပြန်လည်လွှဲပြောင်းနိုင်ရေး အတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွေက လိုအပ်တဲ့ ကိုယ်ရေး အချက်အလက်တွေနဲ့ မှတ်တမ်းစာရင်း ကောက် ယူတာတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အခုနှစ် ဇန်နဝါရီ (၃၀)ရက်ကနေ အောက်တိုဘာ (၂၉)ရက်အထိ မြန်မာနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ ပြည်ပနိုင်ငံသား (၁၀၆၄၀) ယောက်ကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး အဲဒီထဲက (၉၃၆၅)ယောက်ကို ထိုင်းနိုင်ငံကတစ်ဆင့် သက်ဆိုင်ရာနိုင်ငံတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ကျန်ရှိတဲ့ ပြည်ပနိုင်ငံသား (၁၂၇၅)ယောက်ကိုလည်း သက်ဆိုင်ရာ နိုင်ငံတွေကို လွှဲပြောင်းပေးဖို့ အသင့်ဖြစ်နေပြီ ဖြစ်တယ် လို့ သိရပါတယ်။




