လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပပြီး ပိုမိုဖွံ့ဖြိုးတိုးတက်တဲ့ မြန်မာနိုင်ငံတည်ဆောက်ရေးကို ကျရာကဏ္ဍကနေ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရမှာ ဖြစ်တယ်လို့ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြောပါတယ်။

ဒီဇင်ဘာ ၁၈ ရက်က ကျင်းပတဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီးနယ်မြေ) ရဲ့ (၂၅) နှစ်မြောက် ငွေရတုအထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်အမှာစကားပြောကြားရာမှာ အခုလို ထည့်သွင်းပြော ကြားခဲ့တာပါ။တက္ကသိုလ်တွေမှာ မျိုးဆက်သစ်လူငယ်တွေကို မှန်ကန်တဲ့ အသက်မွေးဝမ်းကျောင်းအသိပညာ၊ အတတ်ပညာတွေ လေ့ကျင့်သင်ကြားပေးနိုင်အောင် ဆောင်ရွက်ကြဖို့လိုတယ်လို့လည်း ပြောပါတယ်။

အဲဒီအပြင် နိုင်ငံသား ကျင့်ဝတ်၊ လူမှုကျင့်ဝတ်၊ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းတွေကို လေးစားလိုက်နာတတ်တဲ့ နိုင်ငံကြီးသား အလေ့အကျင့်ကောင်းတွေ ကိန်းအောင်းလာအောင် လေ့ကျင့်ပျိုးထောင်ပေးကြရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ) အနေနဲ့ အနာဂတ်ကာလမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖော် ဆောင်နိုင်ပြီး အရည်အသွေးပြည့်ဝတဲ့ ပညာရှင်တွေကို ဆတက်ထမ်းပိုး တိုးမြှင့်မွေးထုတ်ပေးနိုင်တဲ့ တက္ကသိုလ်ကြီး အဖြစ် နောက်နှစ်ပေါင်းများစွာတိုင် အောင်မြင်စွာ ရပ်တည်နိုင်ပါစေကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြောကြားခဲ့ပါတယ်။




