လျှပ်စစ်ဓာတ်အားခနှုန်းထားတွေ တိုးမြှင့်ပြင်ဆင်သတ်မှတ်လိုက်တယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဩဂုတ် ၃၀ ရက်မှာအသိပေးကြေညာချက်ထုတ်ပြန်ပါတယ်။ လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူတွေကို တည်ငြိမ်တဲ့လျှပ်စစ်ဓာတ်အားပိုမိုထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်ရာမှာ ဘဏ္ဍာရေးနှစ်အလိုက် ထုတ်လုပ်မှုစရိတ်မြင့်မားလာတဲ့အတွက် ဓာတ်အားခနှုန်းထားတွေကို ပြင်ဆင်သတ်မှတ်ဖို့လိုအပ်တာဖြစ်တယ်လို့ဆိုပါတယ်။
လျှပ်စစ်ဓာတ်အားခနှုန်းထား ပြင်ဆင်သတ်မှတ်ဖို့ကိစ္စကို ပြည်ထောင်စုအစိုးရအဖွဲ့ကိုတင်ပြခဲ့ရာ ၂၀၂၄ ခုနှစ် ဇူလိုင် ၅ ရက်မှာကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးရဲ့ သဘောတူညီချက်အရ လျှပ်စစ်ဓာတ်အားခနှုန်းထားတွေကို ပြင်ဆင်သတ်မှတ်သွားမှာဖြစ်တယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။
ပြင်ဆင်သတ်မှတ်လိုက်တဲ့ လျှပ်စစ်ဓာတ်အားခနှုန်းထားတွေအနေနဲ့ အိမ်သုံးအမျိုးအစား ၁ ယူနစ်ကနေ ယူနစ် ၅၀ အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်ကနေ ယူနစ် ၁၀၀ အထိ ၁၀၀ ကျပ်၊ ၁၀၁ ယူနစ်ကနေ ယူနစ် ၂၀၀ အထိ ၁၅၀ ကျပ်၊ ၂၀၁ ယူနစ်နဲ့ အထက်ကို ၃၀၀ ကျပ် တိုးမြှင့်ကောက်ခံမှာဖြစ်တယ်လို့ ကြေညာချက်အရသိရပါတယ်။
အိမ်သုံးမဟုတ်တဲ့ စက်မှုလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ တစ်လုံးတစ်ခဲတည်း၊ ယာယီသုံး၊ လမ်းမီး၊ အစိုးရရုံးဌာနအဖွဲ့အစည်းတွေနိုင်ငံပိုင်စက်မှုလုပ်ငန်းတွေ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေ မြစ်ရေတင်လုပ်ငန်း စည်ပင်သာယာ ရုံးဌာန/လုပ်ငန်းတွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ နိုင်ငံခြားသံရုံးတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ၁ ယူနစ်ကနေ ယူနစ် ၅၀၀၀ အထိ ၂၅၀ ကျပ်၊ ၅၀၀၁ ယူနစ်ကနေ ယူနစ် ၂၀၀၀၀ အထိ ၄၀၀ ကျပ် နဲ့ ၂၀၀၀၁ ယူနစ်နဲ့ အထက်ကို ၅၀၀ ကျပ်တိုးမြှင့်ကောက်ခံမှာဖြစ်ပါတယ်။
အခုပြင်ဆင်သတ်မှတ်တဲ့ ဓာတ်အားခနှုန်းထားတွေကို စက်တင်ဘာ ၁ ရက်ကစပြီး အကျိုးသက်ရောက်စေမှာဖြစ် တယ်လို့လည်းကြေညာချက်မှာပါရှိပါတယ်။
အရင်က လျှပ်စစ်ဓာတ်အားခနှုန်းထားတွေအနေနဲ့ နေအိမ်သုံး ၁ ယူနစ်ကနေ ယူနစ် ၃၀ အထိ ၃၅ ကျပ်၊ ၃၁ ယူနစ်ကနေ ယူနစ် ၅၀ ထိ ၅၀ ကျပ်၊ ၅၁ ယူနစ်ကနေ ၇၅ ယူနစ်ထိ ၇၀ ကျပ်၊ ၇၆ ယူနစ်ကနေယူနစ် ၁၀၀ ထိ ၉၀ ကျပ်၊ ၁၀၁ ယူနစ်ကနေ ယူနစ် ၁၅၀ ထိ ၁၁၀ ကျပ်၊ ၁၅၁ ယူနစ်ကနေ ယူနစ် ၂၀၀ ထိ ၁၂၀ ကျပ်၊ ၂၀၁ ယူနစ်နဲ့အထက်ကို ၁၂၅ ကျပ်၊ အိမ်သုံးမဟုတ်တဲ့စက်မှုလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ နိုင်ငံပိုင်စက်မှုလုပ်ငန်းစတဲ့ လုပ်ငန်းတွေအနေနဲ့ ၁ ယူနစ်ကနေယူနစ် ၅၀၀ အထိ ၁၂၅ ကျပ်၊ ၅၀၁ ယူနစ်ကနေ ယူနစ် ၅၀၀၀ အထိ ၁၃၅ ကျပ်၊ ၅၀၀၁ ယူနစ်ကနေ ယူနစ် ၁၀၀၀၀ အထိ ၁၄၅ ကျပ်၊ ၁၀၀၀၁ ယူနစ်ကနေ ယူနစ် ၂၀၀၀၀ အထိ ၁၅၅ ကျပ်၊ ၂၀၀၀၀၁ ယူနစ်ကနေ ယူနစ် ၅၀၀၀၀ အထိ ၁၆၅ ကျပ်၊ ၅၀၀၀၀၁ ယူနစ်ကနေ ယူနစ် ၁၀၀၀၀၀ အထိ ၁၇၅ ကျပ်နဲ့ ၁၀၀၀၀၁ ယူနစ်နဲ့အထက်ဆိုရင် ၁၈၀ ကျပ်ကို ၂၀၁၉ ခုနှစ် ဇူလိုင် ၁ ကစပြီး သတ်မှတ်ထားပါတယ်။