ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရာထူးကပြုတ်ကျသွားတဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ထောက်ခံသူ တွေကြား မနေ့က ဇူလိုင် ၁၆ ရက်မှာ ပဋိပက္ခ ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၄ ယောက် သေဆုံးခဲ့တယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။ ဟာစီနာ ဆန့်ကျင်ရေး လူထုအုံကြွမှုမှာ ဦးဆောင်ခဲ့သူ ကျောင်းသားတွေက ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီသစ် (NCP) စုဝေးပွဲတစ်ခုကို ဟာစီနာ ထောက်ခံသူတွေက နှောင့်ယှက်ဖို့ ကြိုးပမ်းခဲ့ပြီးနောက် အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာပါ။

ဂိုးပါလ်ဂန့်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဟာစီနာထောက်ခံသူတွေကြား ထိပ်တိုက်တွေ့မှုမှာ လူဒါဇင်နဲ့ချီပြီး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ မော်တော်ယာဉ်တွေလည်း မီးလောင်ခဲ့ပြီး NCP ခေါင်းဆောင် တွေကိုတော့ လုံခြုံရေးတပ်ဖွဲ့တွေက ကယ်ထုတ်နိုင်ခဲ့ပါတယ်။ သေဆုံးဒဏ်ရာရမှုတွေကလည်း ဟာစီနာ ထောက်ခံသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ နှစ်ဖက်စလုံးမှာ ရှိခဲ့ပါတယ်။

အာဏာပိုင်တွေက ဂိုးပါလ်ဂန့်ကို ညမထွက်ရ အမိန့်ချမှတ်ထားပြီး စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့တွေ ဖြန့်ကြက် ထားပါတယ်။ ၂၀၂၄ ခုနှစ် သြဂုတ်လမှာ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ ဖြုတ်ချခံရပြီးနောက် ဘင်္ဂလားဒေ့ရှ်မှာ နိုင်ငံရေး မငြိမ်မသက်မှုတွေနဲ့ ဆူပူအုံကြွမှုတွေ ဖြစ်နေတာပါ။ နိုဘယ်ဆုရှင် ယူနွတ်စ် ဦးဆောင်တဲ့ ကြားဖြတ် အစိုးရက လက်ရှိတာဝန်ယူထားပြီး ၂၀၂၆ ခုနှစ် ဧပြီလမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ရွေးကောက်ပွဲ လုပ်ဖို့ ကတိပေးထားပါတယ်။