အီရန်ရဲ့ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံ တောင်ပိုင်းမှာ လူ ၃ ယောက် သေဆုံးခဲ့တယ်လို့ အစ္စရေး မီးသတ်နဲ့ကယ်ဆယ်ရေးဌာနက ပြောပါတယ်။အစ္စရေးတောင်ပိုင်း ဗေရရှေဘမြို့က လူနေအဆောက်အဦကို ဒုံးကျည်ထိမှန်ခဲ့တာဖြစ်ပြီး သေဆုံးသူတွေဟာ အသက် ၄၀ အရွယ် အမျိုးသားတစ်ယောက်၊ အမျိုးသမီးတစ်ယောက်နဲ့ အသက် ၂၀ အရွယ် အမျိုးသား တစ်ယောက် ဖြစ်ပါတယ်။

ဒါ့အပြင် နောက်ထပ်အများအပြားလည်း ဒဏ်ရာရခဲ့တယ်လို့ အစ္စရေး အရေးပေါ် ဝန်ဆောင်မှုဌာနက ပြောပါတယ်။ဒီနေ့ ဇွန်လ ၂၄ ရက် မနက်အစောပိုင်းမှာ အီရန်က ဂျေရုဆလင်အပါအဝင် အစ္စရေးတောင်ပိုင်းနဲ့ အလယ်ပိုင်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး အစ္စရေးဘက်ကလည်း သတိပေးချက်တွေ ထုတ်ပြန်ပြီးတော့ ပြည်သူတွေကို အကာအကွယ်တွေအောက်မှာ နေကြဖို့ တိုက်တွန်းခဲ့ပါတယ်။ဒီတိုက်ခိုက်မှုအပြီးမှာ အစ္စရေးမြောက်ပိုင်းမှာလည်း လေကြောင်းအချက်ပေးသံတွေ ထပ်ကြားနေရတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။အစ္စရေးကလည်း အီရန်ကို ဒီနေ့မနက်အစောပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေပြီး မြို့တော် တီဟီရန် အပါအဝင် အီရန်နိုင်ငံတစ်ဝန်းက မြို့တွေမှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေ ကြားနေရပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အစ္စရေးနဲ့ အီရန်အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရပြီဖြစ်ကြောင်း ကြေညာထားပေမယ့် အစ္စရေးနဲ့ အီရန်တို့ကတော့ ဒီနေ့မနက်ပိုင်းအထိ ဆက်လက်တိုက်ခိုက် နေကြတာပါ။အီရန်နိုင်ငံပိုင်ရုပ်သံက အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပေမယ့် အစ္စရေးဘက်က ဆက်တိုက်ခိုက် နေရင် အီရန်ကလည်း ပြန်တိုက်ခိုက်မယ်လို့ ပြောထားပါတယ်။ အစ္စရေးဘက်ကတော့ အပစ်အခတ်ရပ်စဲရေးကို သဘောတူ၊ မတူ တရားဝင်ကြေညာတာ မရှိသေးပါဘူး။