အစ္စရေးနဲ့ အီရန်တို့ကြား ပြီးပြည့်စုံတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူမှု ရခဲ့ကြောင်းနဲ့ ၁၂ ရက်ကြာ စစ်ပွဲကို အဆုံးသတ်နိုင်ခြေရှိကြောင်း အမေရိကန်သမ္မတထရမ့်က ပြောကြားလာပါတယ်။

ထရမ့်ပြောကြာပြီး မကြာခင်အချိန်အတွင်းမှာ အစ္စရေးကို ဦးတည်ပြီး အီရန်တိုက်ခိုက်မှုကြောင့် လူ ၃ ယောက် သေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောကြားခဲ့တာကို ကိုးကားပြီး Reuters သတင်းမှာ ဖော်ပြထားပါတယ်။ အစ္စရေးတောင်ပိုင်းရှိ တဲအဗစ်နဲ့ ဘေရာရှိဘာ အနီးမှာ အီရန်တိုက်ခိုက်မှုကြောင့် ပေါက်ကွဲသံတွေ ကြားခဲ့ရ တယ်လို့ ဒေသခံတွေကပြောပါတယ်။

အပစ်အခတ်ရပ်စဲကြောင်း ထရမ့် ပြောကြားပြီးနောက်ပိုင်း အစ္စရေးမှာ ပထမဆုံး လူ သေဆုံးမှုနဲ့ ကြုံခဲ့ရတာ ဖြစ်ပြီး အီရန်ကနေ ဒုံးကျည်ခြောက်စင်း ပစ်လွှတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနဲ့ တွေ့ဆုံစဉ် အီရန်က နောက်ထပ်တိုက်ခိုက်မှုတွေ မပြုလုပ်သရွေ့ အစ္စရေးအနေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့တယ်လို့ အိမ်ဖြူတော် အကြီးတန်းအရာရှိတစ်ယောက်က ပြောပါတယ်။




